CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် ပရီးမီးယားလိဂ်ဟာ ရုရှားနဲ့ ရုပ်သံထုတ်လွှင့်မှု စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်း အကျိုးသက်ရောက်မှုရှိမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ကစားမယ့် ပွဲစဉ်(၄)ပွဲကို နိုင်ငံအတွင်း ပြသခွင့် ရရှိတော့မှာ မဟုတ်တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့က ပရီးမီးယားလိဂ် ကလပ်အသင်း(၂၀)ဟာ လန်ဒန်မှာ (၄)နာရီ ကြာ တွေ့ဆုံခဲ့ကြပြီး ဒီကိစ္စအတွက် (၁၅)မိနစ်တည်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ ယူကရိန်းပြည်သူတွေကို ထောက်ပံ့ဖို့အတွက် ပေါင်(၁)သန်း လှူဒါန်းသွားမယ်လို့လည်း ပြောခဲ့တာဖြစ်ပါ တယ်။
ပရီးမီးယားလိဂ် ထုတ်လွှင့်ခွင့်ကို ရုရှားနိုင်ငံက Rambler Group က ရရှိထားတာပါ။ အဆိုပါ ကုမ္ပဏီဟာ ရုရှားမှာ ပရီးမီးယားလိဂ်ပွဲတွေကို ပြသဖို့ (၃)နှစ် စာချုပ်ချုပ်ထားတာဖြစ်ပြီး စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေခဲ့တာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ရုရှားနိုင်ငံမှာ ကြည့်ရှုလို့ မရတော့ပါဘူး။

ယူကရိန်းထောက်ခံကြောင်း ပြသနေစဉ်(Eurosport)

ပရီးမီးယားလိဂ်ဟာ ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချခဲ့ပြီး ကလပ်အသင်း အားလုံးဟာ စာချုပ်ကို ရပ်ဆိုင်းဖို့ တညီတညွှတ် တည်း သဘောတူညီခဲ့ကြပါတယ်။

“ကျနော်တို့ဟာ ငြိမ်းချမ်းရေးကို တောင်းဆိုထားပြီး ကျနော်တို့ရဲ့ အတွေးတွေထဲမှာ သက်ရောက်မှုတွေရှိခဲ့တဲ့ အရာအားလုံးနဲ့ အတူတူပါပဲ”လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဟာဆိုရင် သူ့နိုင်ငံအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြသခဲ့ခွင့် ပိတ်ထားခဲ့ပါတယ်။ တရုတ် ဟာ ရုရှားနဲ့ နိုင်ငံရေးအရ နီးစပ်တာဖြစ်ပြီး ပရီးမီးယားလိဂ်က ယူကရိန်းကို ထောက်ခံ အားပေးတာကြောင့် မပြသဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ဟာ သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ရုရှား နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Source: BBC