CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မန်စီးတီး နောက်ခံလူ ယူကရိန်းနိုင်ငံသား ဇင်ချန်ကိုက သူ့ရဲ့နိုင်ငံ ယူကရိန်းနဲ့ ရုရှားတို့အကြား တင်းမာမှုတွေ ဆက်လက်ပြီး ကြီးထွားလာနေတာကြောင့် အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း ပြသသွားခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနိုင်ငံရှိ ရုရှားထိန်းချုပ်ထားတဲ့ ခွဲထွက်ရေးနယ်မြေတွေကို တပ်ဖွဲ့ဝင် တစ်သိန်း စေလွှတ်ခဲ့ပြီး နောက် ဇင်ချန်ကိုက သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောဖို့ အခုလို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့တာပါ။ ဇင်ချန်ကိုဟာ ရုရှားကလပ် FC UFA အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပေမယ့် သူကတော့ ဒါကို သည်းမခံနိုင်အောင် ဖြစ်မိတယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

ဇင်ချန်ကိုက “ကမ္ဘာကြီးတစ်ခုလုံးက ကျနော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ ကျနော်ကတော့ ကိုယ့်နိုင်ငံ ဒီလိုခံနေရချိန်မှာ နောက်ဆုတ်ပြီး မနေနိုင်ပါဘူး။ ဒီဓါတ်ပုံက ကျနော့်ရဲ့ တိုင်းပြည်ပါ။ ကျနော်မွေးဖွားပြီး ကြီးပြင်း လာရတဲ့ တိုင်းပြည်ပါ။ ဒီအလံကို ကျနော်တို့ နိုင်ငံတကာ အားကစားပွဲတွေမှာ ကာကွယ်ခဲ့ရတာပါ။ ကျနော်တို့ဟာ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေကြတာပါ။ ကျနော်တို့ နိုင်ငံဟာ ယူကရိန်း နိုင်ငံသားတွေနဲ့ သက်ဆိုင်တာပါ။ ဘယ်သူ့မှ မပိုင်ပါဘူး။ ကျနော်တ်ို့ အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ အောင်ပွဲက ယူကရိန်းအတွက်ပါပဲ”လို့ ရေးသားခဲ့တာပါ။

အင်စတာဂရမ်မှာ ဇင်ချန်ကိုရေးသားထုတ်လွှင့်ခဲ့မှုကိုတွေ့ရစဉ် (Daily Mail)

ရုရှားနဲ့ ယူကရိန်း အဖြစ်အပျက်တွေကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ကျင်းပမယ့် စိန့်ပီတာစဘတ် ကွင်းကနေ ပြောင်းရွှေ့ပြီး ကျင်းပဖို့ ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေက စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန် ဆင် ကလည်း ကွင်းပြောင်းရွှေ့ပြီး ကျင်းပသင့်တယ်လို့ ပြောထားတာပါ။ ကွင်းပြောင်းရွှေ့ပြီး ကျင်းပမယ်ဆိုရင် ဝင်ဘာလေ ကွင်းဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထင်ကြေး ပေးခံနေရတာလည်း ဖြစ်ပါတယ်။

၂၀၁၉ က ယူကရိန်း တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တဲ့ ဇင်ချန်ကိုဟာ မန်စီးတီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၃)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်၊ အက်ဖ်အေဖလား(၁)ကြိမ် တို့ကို ရရှိထားတာဖြစ်ပြီး ပွဲပေါင်း (၁၁၅)ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။