CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆

အာဂျင်တီးနားစူပါစတားနှင့် စပိန်ဘောလုံးအကျော်အမော်အနေဖြင့် စီးပွားရေးနှင့်အသင်းဖွဲ့စည်းပုံ အတားအဆီး များကို ကျော်လွှားပြီး စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ အထမမြောက်သဖြင့် လီယွန်နယ်မက်ဆီသည် ဘာစီလိုနာ အသင်းနှင့် အနှစ် ၂၀ ကြာဘောလုံးသမားဘဝကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းကို စထရိတ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြသည်။

ယခုဖြစ်စဉ်မှာ တစ်ချိန်က အထင်ရှားဆုံးအားကစားသမားတစ်ဦးအပေါ် သိသိသာသာ အထိနာစေခဲ့သည်။

“ဘာစီလိုနာအသင်းနဲ့ လီယိုမက်ဆီတို့အကြား သဘောတူညီမှုတစ်ခုရခဲ့ပေမယ့် စီးပွားရေးနဲ့ အသင်းအဖွဲ့ဆိုင်ရာ အတားအဆီးတွေ ရှိနေတဲ့အတွက် တရားဝင်စာချုပ် မချုပ်နိုင်ခဲ့ပါဘူး” ဟု သက်ဆိုင်ရာအသင်း၏ ကြေညာချက် တွင် ဖော်ပြထားသည်။

“ဒီလိုအခြေအနေတွေကြောင့်လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာမှာ ဆက်ရှိနေမှာမဟုတ်ပါဘူး။ ကစားသမား တွေနဲ့ ကလပ်အသင်းတို့ သဘောထားချင်းမတိုက်ဆိုင်တော့လို့ နှစ်ဘက်စလုံးအတွက် ဝမ်းနည်းစရာပါ။ ဘာစီလိုနာအသင်း ပိုမိုအရှိန်ကောင်းလာအောင် ကူညီပံ့ပိုးပေးခဲ့သူဖြစ်တာကြောင့် မက်ဆီကို ကျေးဇူး တင်ကြောင်းနဲ့ သူ့ကိုယ်ပိုင်နဲ့ အ သက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်” ဟု အသင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဘာစီလိုနာအသင်း၏ ထာဝရဂိုးသွင်းဘုရင်၊ အသင်းကို စိုပြေတောက်ပစေခဲ့မှုနှင့် ဆုဖလားပေါင်း ၃၅ လုံးအထိ ဆွတ်ခူးပေးခဲ့သည့် အသက် ၃၄ နှစ်အရွယ်ရှိ မက်စီသည် ဖီဖာက ချီးမြှင့်သည့် ဘလွန်းဒီအောဆု (Ballon d’Or) ဟု ခေါ်သော ရွှေဘောလုံးဆုကို ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ယခင်လကလည်း ကိုပါအမေရိက(Copa America) ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဘရာဇီးအသင်းကို အံတုရင်း ထင်ရှားတဲ့နိုင်ငံတကာ ဆုဖလားတစ်လုံး ရယူပေးခဲ့သည်။

သို့သော် ယမန်နှစ်ဩဂုတ်၌ လွတ်လပ်သည့်အေးဂျင့် (free agent) အဖြစ် ထွက်ခွာဖို့ ကြိုးစားနေကတည်းက မက်စီတစ်ယောက် ဘာစီလိုနာမှာ ဆက်ရှိနေဦးမှာလားဆိုသည့် သံသယဖြစ်လာခဲ့သည်။ သူနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ အပိုဒ်တစ်ပိုဒ်ကို ကိုးကားပြီး “ အသင်းအနေနဲ့ စီမံချက် မရှိဘူး (ဒါမှမဟုတ်) ရေရှည်ဆက်သွားဖို့ ဘာဆိုဘာမှမရှိဘူး” ဟု မက်စီက အပြစ်တင်ဝေဖန်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်တုန်းက အသက် ၁၃ နှစ်သာရှိသေးသည့် မက်စီသည် ဘာစီလိုနာနှင့် ပထမဆုံးစာချုပ်ချုပ်ခဲ့သည့် ကလေးအားကစားတစ်ဦး ဖြစ်ခဲ့သည်။ ငယ်မွေးခြံပေါက်ဖြစ်ခဲ့သည့်အသင်းအတွက် ပွဲပေါင်း ၇၈၈ ပွဲ ကစားပေးပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်မှာ စာချုပ်ဟောင်းပျက်ပြယ်သွားသည့်နောက် မက်စီသည် free agent အဖြစ် ရပ်တည်လာခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းအနေဖြင့် စပိန်ဖလားသာ ရခဲ့ပြီး ချန်ပီယံလိဂ်မှာ အဆင့် ၁၆ သာ ချိတ်နိုင်ခဲ့သည်။ ၂၀၁၅ တုန်းကတော့ ချန်ပီယံလိဂ်မှာ အောင် ပွဲခံနိုင်ခဲ့ဖူးသည်။ အကယ်၍ မက်စီသည် နှစ်နှစ်စာချုပ်ချုပ်ပြီးသည့်နောက် မေဂျာလိဂ်ပွဲစဉ်များဆီ ဦးတည်လာလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ သူငယ်ချင်းဟောင်းလည်းဖြစ်၊ ဘာစီလိုနာအသင်းမှာ ကန်ဖော်ကန်ဖက်လည်းဖြစ်ခဲ့သည့် နေမာက ပီအက်စ်ဂျီအသင်းမှာ မက်စီနှင့်အတူလက်တွဲချင်သေးကြောင်း ပြောခဲ့ဖူးသည်ဟု သိရသည်။

Source: AFP, The Strait Times

#ဘာစီလိုနာ
#မက်စီ
#Barcelona
#Messi
#စပိန်
#Spain