CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၈

ကုန်သွယ်ရေးစစ်ပွဲ၊ စစ်ရေးတင်းမာမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတို့အကြား အမေရိကန်-တရုတ် ဆက်ဆံရေး သည် ပြီးခဲ့သည့်နှစ် အတန်ငယ် မပြေမပြစ်ဖြစ်ခဲ့သော်လည်း ယခုကျင်းပနေဆဲ တိုကျို အိုလံပစ်ပြိုင်ပွဲမှာတော့ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံစလုံးမှ အားကစားသမားများက သူတို့အစိုးရများ နှစ်ပေါင်းများစွာ မလုပ်နိုင်သည့် ချစ်ကြည်ရင်းနှီးသောအပြုအမူများကို သရုပ်ပြဖော်ဆောင်နိုင်ခဲ့ကြကြောင်း စီအင်န်အင်န်က သတင်းဖော်ပြသည်။

ဩဂုတ် ၃ ရက်၊ အင်္ဂါနေ့က တရုတ်ကျွမ်းဘားကစားသမား ဂူအမ်ချမ်းချမ်း (Guan Chenchen)နှင့်တန်ရှီကျင့်( Tang Xijing)တို့က အမျိုးသမီးကျွမ်းဘား ဗိုလ်လုပွဲတွင် ရွှေနှင့်ငွေအသီးသီးဆွတ်ခူးခဲ့ပြီး အမေရိကန်ကျွမ်းဘား ကစားသမား စမွန်းဘိုင်းလက်စ် (Simone Biles)က ကြေးတံဆိပ်ရရှိခဲ့သည်။

တရုတ်ရရှိခဲ့သော ကျွမ်းဘားဆုနှစ်ခုစလုံးသည် ၎င်းနိုင်ငံအတွက် ပထမဆုံးအကြိမ် အိုလံပစ်ဆုတံဆိပ်များ ဖြစ်သည်။ အိုလံပစ်ဝက်ဘ်ဆိုက်တွင် အသက် ၁၆ နှစ်အရွယ်ရှိ တရုတ်ကျွမ်းဘားကစားသမား ဂူအမ်က အမေရိကန် ကျွမ်းဘားကစားသမား ဘိုင်းလက်စ်ကို သူ့အတွက် အရေးပါသည့် သူရဲကောင်းအဖြစ် သတ်မှတ်ပြီး အားကစားစိတ်ဓါတ်ဖြင့် ချီးကျူးခဲ့သည်။ ပြိုင်ပွဲ ရလဒ်များကြေညာပြီးနောက် အမေရိကန်ကျွမ်းဘားမယ် ဘိုင်းလက်စ်က ဂူအမ်ကို နှစ်နှစ်ကာကာ ပွေ့ဖက်လိုက်သည်။

ကစားဖော်ကစားဖက်လည်းဖြစ်၊ အိုလံပစ်ချန်ပီယံလည်းဖြစ်သူ စူနီစာလီ (Sunisa Lee) ကလည်း သူ့ပင်ကိုယ်အမူအကျင့်အတိုင်း ကျယ်လောင်စွာအော်ဟစ်ရင်း ရွှေတံဆိပ်ဆုရှင် ဂူအမ်ကို Guan ပွေ့ဖက် ချီးကျူးခဲ့သည်။

အားတက်သရောကျင်းပသောပွဲများနှင့်အသင်းများအကြား ထိုသို့နွေးထွေးလှိုက်လှဲမှုများက ယခု လတ်တလော တွေ့ရန်ခဲယဉ်းသည့် အမေရိကန်-တရုတ်ဆက်ဆံရေးနှင့် ပြည်သူလူထုကိုယ်စားပြုစိတ်ဓာတ်များအဖြစ် အွန်လိုင်း တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

တရုတ် အမျိုးသားရေးဝါဒီ ဂလိုဘယ်တိုင်းမ်စ်သတင်းစာကပင် ဆောင်းပါးတစ်ပုဒ်၌ လီ၏“ရိုးသားပြီး ရွှင်လန်း တက်ကြွသောတုံ့ပြန်မှုသည် ကမ္ဘာတစ်ဝှမ်းရှိကြည့်ရှုသူများ ရင်ကို ထိရှစေသည်” ဟု ထည့်သွင်းရေးသား ထားသည်။

တရုတ်လူမှုမီဒီယာ Weibo ဝင်ရောက်ကြည့်ရှုသူအများအပြားက ဘိုင်းလက်စ် နှင့် လီတို့၏အားကစားစိတ်ဓာတ်၊ ဂူအမ်နှင့် တန်တို့ ပြသခဲ့သော အိုလံပစ်ပြိုင်ပွဲဝင် စစ်မှန်သည့်စိတ်ဓါတ်တို့ကို မချီးကျူးဘဲ မနေနိုင်ခဲ့ကြပေ။

"မင်းဟာ ဘယ်နေရာကပဲဖြစ်ပါစေ၊ ဘယ်လူမျိုးဖြစ်ပါစေ … မင်းယုံကြည်ချက်တွေ ထွေးပိုက်ရင်း နိုင်ငံတကာအသိုင်းအဝိုင်းက တခြားလူတွေနဲ့ပါ အတူတကွစည်းလုံးသင့်တယ်။ လူ့ဘဝကို ပိုကောင်းအောင် လုပ်ရမယ်။ အခု အိုလံပစ်အားကစားပြိုင်ပွဲမှာ အဲဒီမျှော်လင့်ချက်ကို ကျနော် မြင်လိုက်ရပါတယ်။ ဒီ အားကစားသမားတွေက ကျနော်တို့ကို ဥပမာကောင်းတွေပေးသွားတာဗျ" ဟု Weibo သုံးစွဲသူတစ်ဦးက သဘောထားမှတ်ချက်ပေးထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ၏အဆိုအရ သိရသည်။

Source: CNN

#အိုလံပစ်

#အားကစားစိတ်ဓါတ်

#ချစ်ကြည်ရေး

#တရုတ်

#အမေရိကန်

#ကျွမ်းဘား

#အားကစား

#Games

#China

#US

#CNImyanmar

#cninews

#ChannelNewsIndependent