CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၉
 
ကိုရိုနာဗိုင်းရပ်စ် ရက်ရက်စက်စက် ခြိမ်းခြောက်နေတဲ့ကြားကပဲ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အိုလံပစ်မီးရှူးတိုင်နဲ့အလံကို လာမယ့် ၂၀၂၄ ပွဲတော်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုကနေ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ဆီသို့ လက်ဆင့်ကမ်းလိုက်ပါပြီ။
 
ဩဂုတ်လ ၈ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီကျော်မှာ တိုကျိုမြို့က အိုလံပစ်ပွဲတော်ကျင်းပရာ ဂျပန် အမျိုးသားအားကစားကွင်းထဲမှာ ရောင်စုံမီးရှူးမီးပန်းတွေ မြိုင်မြိုင် ဆိုင်ဆိုင် ပစ်ဖောက်ပြီး ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့တာတွေ့ရပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်ဖိစီးမှုကြောင့် လူအချင်းချင်း အကွာအဝေးကန့်သတ်ချက်တွေ တင်းကြပ်စွာ ချမှတ်ခဲ့ရတာကြောင့် အိုလံပစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရတဲ့အားကစားကွင်းအများစုမှာ မဆိုသလောက် ပရိသတ်လေးနဲ့ ခြောက်ကပ်ကပ် ဖြစ်ခဲ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်တုန်းကလည်း လူပေါင်း ၆၈,၀၀၀ လောက်ဆန့်တဲ့ အားကစားကွင်း ထဲမှာ သက်ဆိုင် ရာ တာဝန်ရှိသူတွေ၊ အားကစားသမားတွေနဲ့ ဧည့်ပရိသတ် ၁,၀၀၀ တည်းနဲ့ အကျဉ်းချုံ့ခဲ့ရပါ တယ်။
 
ပိတ်ပွဲမကျင်းပခင် ပြိုင်ပွဲအားလုံး အပြီးသတ်ရပ်နားလိုက်တဲ့အချိန်မှာ ၂၀၁၄ ပါရီအိုလံပစ်ပွဲ လက်လွှဲရယူစီစဉ်သူ တွေက အိုလံပစ်မျှော်စင်က အလံတိုင်မှာ “ကမ္ဘာ့အခမ်းနားဆုံးအားကစားအလံ” ဖြစ်တဲ့ အိုလံပစ်အလံကို လွှင့်ထူ ခဲ့ပါတယ်။ (ရာသီဥတုအခြေအနေကြောင့် အလံလွှင့်ထူခြင်းကို တကယ်တမ်း လက်တွေ့တွင် ဖျက်သိမ်းလိုက် ရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်)
 
ပိတ်ပွဲအခမ်းအနား မစတင်မီ တစ်နာရီအလိုမှာ တိုကျိုမြို့သူမြို့သားတွေဟာ ပွဲကျင်းပရာနေရာအပြင်ဘက်မှာ တန်းစီပြီး မီးရှူးမီးပန်းတွေ ကြည့်ရှုဖို့နဲ့ အားကစားသီချင်းတွေ နား ထောင်ဖို့ အသင့်နေရာယူခဲ့ကြပါတယ်။ အခုနှစ် အိုလံပစ်ပွဲတော် တိုကျိုမှာ လာကျင်းပတာကို မနှစ်မြို့တဲ့ ဂျပန်လူမျိုးတချို့ကလည်း အခုပွဲကို ဆန့်ကျင်တဲ့သီချင်း စုဝေးသီဆိုကြရင်း ဝိုင်းဝန်းဆန္ဒပြတာလည်း ရှိပါတယ်။ အဲဒီလို ဆန္ဒပြတာတွေကိုလည်း တိုကျိုအိုလံပစ် တာဝန်ရှိသူတွေက ကြီးမားတဲ့လူစုလူဝေးမဖြစ်လာစေဖို့ Covid-19 ဆိုင်ရာကန့်သတ် ချက်ကို အကြောင်းပြပြီး ထိန်းသိမ်းကြပ်မတ်ခဲ့ပါတယ်။
 
ယှဉ်ပြိုင်ပြီးစီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်လည်ပြသတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ ပိတ်ပွဲအခမ်းအနားကို စတင်ပါတယ်။ ကပ်ရောဂါကြောင့် လူအချင်းချင်း နီးကပ်ခြင်း ကင်းဝေးအောင် စီမံထားရတာမို့ အကျပ်အတည်းများစွာကြားက ဘယ်လိုရုန်းကန်ကျော်လွှားခဲ့ရသလဲဆိုတာ ထပ်ဟပ်စေတဲ့မြင်ကွင်းတွေကို အဲဒီဗီဒီယိုဖိုင်ထဲမှာ သရုပ်ဖော် တင်ဆက်ထားပါတယ်။ ဒီဗီဒီယိုဖိုင်မှာ အဓိကအသားပေးထားတာ ပွဲရလဒ်တွေမဟုတ်ဘဲ အားကစားသမား အားလုံးရဲ့ ရဲရင့်တဲ့ကြိုးစားအားထုတ်မှုတွေကိုပဲ မီးမောင်းထိုးပြထားပါတယ်။
 
ပွဲစီစဉ်သူတွေက အားကစားရုံအလယ်ခေါင်မှာ မြက်ခင်းပြင်တစ်ခု တည်ဆောက်ပြီး တိုကျိုပန်းခြံတစ်ခုလို ခံစားနိုင်အောင် ခင်းကျင်းပြင်ဆင်ထားပါတယ်။ အခမ်းအနားရဲ့ထိပ်ဆုံးမှာ ဂျပန်အလံကို အားကစားသမား လေးဦး၊ မသန်စွမ်းသူတစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့က ကိုင်ဆောင်မြှောက်ချီလာကြပါတယ်။ သူတို့ဖော်ဆောင်တဲ့အဓိပ္ပါယ်ကတော့ မသန်စွမ်းအားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပေးခြင်းနဲ့ ကူးစက် ရောဂါဖြစ်ပွားချိန်မှာ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေရဲ့အရေးပါခြင်းတို့ကို ဖော်ဆောင် ပြသတာ ဖြစ်ပါတယ်။
 
ပါဝင်ဆင်နွှဲသူ ၄၆၀၀ ရှိတဲ့ ချီတက်ပွဲမှာတော့ အိုလံပစ်ပြိုင်ပွဲဝင်ကြသူ အားကစားမောင်မယ်တွေ ညီညာဖျဖျ လိုက်ပါပြီး အားကစားရုံအလယ်ကို ချီတက်ခဲ့ကြပါတယ်။ သူတို့နောက်ကနေ စေတနာ့ဝန်ထမ်း ပါဝင်ထမ်းဆောင် သူတွေက လက်ပြနှုတ်ဆက်ပြီး လိုက်ပါလာကြပါတယ်။ ဒီအချိန်မှာ SKA တေးဂီတအဖွဲ့နဲ့ DJ တို့က သွက်လက် လှုပ်ရှားတဲ့ တေးဂီတနောက်ခံနဲ့ တီးမှုတ်ပံ့ပိုးပေးထားကြပါတယ်။
 
ကူးစက်ရောဂါကြောင့် ကမ္ဘာအရပ်ရပ်က ပြိုင်ပွဲဝင်တွေဟာ အိုလံပစ်ပွဲပြီးတာနဲ့ ၄၈ နာရီအတွင်း ဂျပန်နိုင်ငံကနေ ထွက်ခွာကြရမှာဖြစ်ပါတယ်။ ပိတ်ပွဲအခမ်းအနား တက်ရောက်ကြတဲ့ အားကစားမောင်မယ်တွေဟာ နေ့စဉ် နေ့တိုင်း အစစ်ခံရတဲ့ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ဒီကနေ့မှာ နောက်ဆုံးစစ်ဆေးမှုအဖြစ် ခံယူခဲ့ကြရပါတယ်။
 
 
ပိတ်ပွဲမကျင်းပမီ နှစ်ရက်အလို ဩဂုတ် ၆ ရက်ဟာ ၁၉၄၅ ခုနှစ်ဆီက ဟီရိုရှီးမားမြို့ အဏုမြူ ဗုံးကြဲခံရတဲ့နေ့နဲ့တိုက်ဆိုင်နေတာကြောင့် အဲဒီနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲဝင်တွေ တိတ်ဆိတ်စွာနေပေးဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီကို တက်ကြွလှုပ်ရှားသူတချို့က တောင်းဆိုခဲ့ကြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။
 
အခမ်းအနားအစီအစဉ်တွေထဲမှာ ဂျပန်ယဉ်ကျေးမှုကို ဖော်ညွှန်းထားတဲ့ ဖျော်ဖြေမှုတွေလည်း တင်ဆက် ခဲ့ပါတယ်။ ရိုးရာတိုကျိုအွန်ဒိုပြကွက်အတွက် အကသမားများ စုဝေးပုံဖော်တင်ဆက်တာလည်း တွေ့ရပါတယ်။
 
ယခုနှစ်အတွက် အမျိုးသားအိုလံပစ်ကော်မတီ ၈၈ ခုတို့က ချီးမြှင့်တဲ့ ဆုတံဆိပ်တွေဟာ ၂၀၁၆ ရွိုင်ရိုဒီဂျနီးယိုး အိုလံပစ်နဲ့ ၂၀၁၂ လန်ဒန်အိုလံပစ်တို့ထက် ၃ မျိုး ပိုများပါတယ်။ အိမ်ရှင်ဂျပန်ကတော့ ဆုတံဆိပ်တွေ စံချိန် တင်အောင် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်အတွင်း အားကစားပြိုင်ပွဲတွေနဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဲ့ ထူးခြားဝိသေသလက္ခဏာ တွေကို ပြသခဲ့ပေမယ့် တိုကျိုအနီးတဝိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရှိန်ကလည်း အိုလံပစ်ပွဲစဉ်တွေအပေါ် လွှမ်းမိုးသက်ရောက်ခဲ့ပါတယ်။
 
ကာကွယ်ဆေးဖြန့်ချိမှုနှေးကွေးလာခြင်း၊ အိုလံပစ်ပွဲ စိတ်မဝင်စားတဲ့လူထုနဲ့ Covid အသွင်ပြောင်း Delta ပိုးကို တားဆီးဖို့ ဂျပန်အစိုးရရဲ့မအောင်မြင်တဲ့ကြိုးပမ်းမှုတချို့တို့ကြောင့် တိုကျိုမှာ ပွဲကျင်းပနေစဉ်အတွင်း Covid-19 စံချိန်တင်အောင် ကူးစက်ခံလိုက်ရပါတယ်။ ဩဂုတ်လ ၅ ရက်နေ့ကဆိုရင် ဂျပန်နိုင်ငံမှာ Covid ပိုးတွေ့လူနာ ၁၅,၀၀၀ အထိ တဟုန်ထိုးတက်သွားတဲ့အတွက် ဂျပန်အတွက် အများဆုံးအရေအတွက်လို့ ဆိုရမှာပါ။
 
ဩဂုတ် ၇ ရက်၊ စနေနေ့က ၄၅၆၆ ဦး ကူးစက်ခံရပါတယ်။ စနေနေ့မတိုင်ခင်က နှစ်ရက်ကတော့ ကူးစက်ခံရသူ နေ့စဉ်စာရင်းမှာ ၅,၀၄၂ ဦးအထိ စံချိန်တင်ခဲ့ပါတယ်။
 
အိုလံပစ်ပွဲနဲ့ပတ်သက်လို့ ဂျပန်ပြည်သူတွေရဲ့ ထင်မြင်ယူဆတွေဟာ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ အိမ်ရှင်နိုင်ငံ အနေဖြင့် ရွှေတံဆိပ်ဆုအတော်များများ သိမ်းပိုက်နိုင်ခဲ့အတွက် ပွဲ တော် ဆန့်ကျင်ရေးလှုပ်ရှားမှုတချို့လည်း ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တိုကျိုမှာ ကူးစက်မှု ပိုမိုမြန်ဆန်လာတဲ့အတွက် လူထုက ဒီပွဲတော်ကို မကျေမနပ်ဖြစ်တာတွေကို တဖန်တိုးလာခဲ့ပြန်ပါတယ်။
 
“ဘယ်လောက်ပဲ ခက်ခဲတဲ့အခြေအနေဖြစ်ပါစေ … စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ခဲ့ပြီး လူတိုင်းရဲ့မျက်နှာပေါ် အပြုံပန်း တစ်ပွင့်စီ တင်ပေးနိုင်ခဲ့ပါတယ်” လို့ တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ စီကိုဟာရှီမိုတိုက စေတနာ့ ဝန်ထမ်းတွေနဲ့အားကစားမောင်မယ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
 
ပိတ်ပွဲအခမ်းအနားအစီအစဉ်များမှာတော့ ၂၀၂၄ ပါရီအိုလံပစ်ပွဲသို့ လွှဲပြောင်းပေးအပ်ရာမှာ တိုကျိုမြို့တော်ဝန်က ပါရီမြို့တော်ဝန်ဆီကို အိုလံပစ်အလံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အိုလံပစ် အလံတိုင် ထိပ်မှာ ပြင်သစ်အထိမ်းအမှတ် အီဖယ်မျှော်စင်ပုံကို ထုတ်လွှင့်ခဲ့ပါတယ်။
 
Source: Washington Post