CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ရက်ဂ်နစ်က ရော်နယ်ဒိုနဲ့ မက်ဂွဲယားတို့ အသင်းခေါင်းဆောင်ရာထူး အတွက် အကွဲအပြဲဖြစ်နေတယ်ဆိုတဲ့ သတင်းတွေဟာ အဓိပ္ပာယ် လုံးဝမရှိဘူးလို့ ပြောလိုက်ပါတယ်။

သူတို့ ၂ ဦးဟာ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ပတ်သက်ပြီး အာဏာလွန်ဆွဲပွဲမှာ ပါဝင်ခဲ့ကြတယ်ဆိုပြီး မေရာ သတင်းက ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရေးသားထားတဲ့ စာသားတွေဟာ မှန်ကန်မှုမရှိဘူးဆိုတာ သိတဲ့အတွက် စိတ်မပျက်ဘူးလို့ ရက်ဂ်နစ်က ပြောခဲ့ပါတယ်။
ရက်ဂ်နစ်က “ဒါဟာ လုံးဝ အဓိပ္ပာယ်မရှိသလို၊ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သက်ပြီး ကစားသမား တွေနဲ့ ကျနော် တစ်ခါမှ မပြောဖူးပါဘူး။ ဒါက ကျနော့်အတွက် ဘယ်တုန်းကမှ ပြဿနာ မရှိခဲ့ပါဘူး။ ဟယ်ရီက ကျနော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ်လည်း ဆက်ရှိနေမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားဟာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက နည်းပြဟောင်း ဆိုးလ်ရှား လက်အောက်မှာ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ ဒါပေမယ့် အသက်(၃၇)နှစ် အရွယ်ရှိ ရော်နယ်ဒို အသင်းထံ ပြန်ရောက်လာ တာက သူ့ရဲ့ အခွင့်အာဏာကို ထိခိုက်စေတယ်လို့ မေရာက ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားကလည်း ဒါဟာ မမှန်ကန်ဘူးဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ရော်နယ်ဒို၊ မက်ဂွဲယားနဲ့ ရက်ဂ်နစ်တို့ကိုတွေ့ရစဉ်(Daily Mail)

မက်ဂွဲယားက “ကလပ်နဲ့ ပတ်သက်တဲ့ သတင်းတွေ အများအပြားက မမှန်ကန်တာကို တွေ့ခဲ့ပါတယ်၊ ဒါက နောက်တစ်ခုပါ။ ရေးထားတဲ့ အကြောင်းအရာတွေ အားလုံးကို မတင်တော့ပေမယ့် ဒါကို ရှင်းအောင်လုပ်ဖို့တော့ လိုပါတယ်။ ကျနော်တို့ စည်း စည်း လုံးလုံးနဲ့ပဲ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲအတွက် ပြင်ဆင်ထားတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အင်္ဂလိပ်ကစားသမားတွေဖြစ်တဲ့ မက်ဂွဲယား၊ ရက်ရှ်ဖိုဒ့်တို့နဲ့ ရော်နယ်ဒိုတို့ အစုအဖွဲ့ဟာ စိတ်ဝမ်းကွဲမှု တွေ ဖြစ်တယ်ဆိုပြီး ရေးသားထားမှုတွေ ရှိခဲ့ပါသေးတယ်။

ရက်ရှ်ဖိုဒ့်ကတော့ ဒီလို စိတ်ဝမ်းကွဲမှုဖြစ်စေမယ့် အကြောင်းအရာတွေကို ကျေးဇူးပြုပြီး မရေးကြပါနဲ့လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေ တည်ငြိမ်မှုရရှိဖို့ ရုန်းကန် နေရတာနဲ့အတူ အသင်းအတွင်း အကွဲအပြဲ သတင်းတွေဟာ ထွက်ပေါ်နေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အသလက်တီကို အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC/ Goal.com