CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ထိုင်းလိဂ် ၂ က ပွဲစဉ် ၂၃ ရဲ့ အကောင်းဆုံးသွင်းဂိုး ၅ ဂိုးကို ထုတ်ပြန်ခဲ့တာမှာ လမ်ပန်ဝါရီယာအသင်းမှာ ကစားနေတဲ့ မြန်မာ့ လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ သွင်းဂိုးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင်နဲ့အတူ ဒီတပတ် ထိုင်းလိဂ်(၂)ရဲ့ အကောင်းဆုံးသွင်းဂိုးမှာ ပါဝင်တဲ့ သူတွေကတော့ ချိုင်းနတ်ဟောန်ဘေးလ် အသင်းက ဝယ်လင်တန်၊ ထရက်အသင်းက ဗယ်လ်ဒို၊ ချင်းမိုင်အသင်းက ပတ်ထရစ်နဲ့ အယုဒ္ဓယယူနိုက်တက်အသင်းက ဆီရကိုဂျီမာတို့ ဖြစ်ပါတယ်။

မောင်မောင်လွင် သွင်းယူခဲ့တဲ့ဂိုးဟာ မြောင်ကန်ယူနိုက်တက်အသင်းကို အနိုင်ရတဲ့ပွဲကသွင်းဂိုးပဲ ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာအသင်းက မြောင်ကန်ယူနိုက်တက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ မောင်မောင်လွင်ဟာ အသင်း အတွက် တတိယမြောက်ဂိုး သွင်းယူခဲ့တာပါ။ မောင်မောင်လွင်ဟာ အသင်းဖော် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ပြိုင်ဘက်ဂိုး သမားကို လိမ်ခေါက်ဖြတ်ကျော်ပြီး လှပစွာ သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ်(Lamphun Warriors)

ဒီဂိုးဟာ မောင်မောင်လွင် အတွက်တော့ လမ်ပန်ဝါရီ ယာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။


မောင်မောင်လွင်ဟာ ဒီပွဲမတိုင်ခင်ကတည်းက ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့လို့ မြောင်ကန်နဲ့ ပွဲမှ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာ အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်း ပြခဲ့တာကြောင့် နည်းပြက သူ့ကို ပွဲတိုင်းနီးပါး ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားဟာ လမ်ပန်ဝါရီယာ အသင်းအတွက် ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားတာပါ။ လမ်ပန်ဝါရီယာ အသင်းဟာ လာမယ့်ရာသီ ထိုင်းလိဂ် (၁)ကို တန်းတက်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး လက်ရှိ ထိုင်းလိဂ်(၂) ရဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ထိပ်ဆုံး ၂ သင်းဟာ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တိုက်ရိုက် တန်းတက်နိုင်မှာ ဖြစ်တာကြောင့် လမ်ပန်ဝါရီယာအသင်းက အဆင့် ၂ နေရာကို တက်လှမ်းနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာပါ။ လမ်ပန်ဝါရီယာ အသင်းဟာ တနင်္ဂနွေနေ့မှာ ထိုင်းလိဂ်(၂) ပွဲစဉ် အဖြစ် ချိုင်းနတ်ဟောန်ဘေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။