CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
မန်ချက်စတာယူနိုက်တက် အသင်းကနေ အငှားသွားကစားနေတဲ့ မာရှယ် ကတော့ ဒိုင်နမိုဇာဂရက်ဘ် အသင်းကို အနိုင်ရတဲ့ ပွဲမှာ ဆီဗီလာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူရိုပါလိဂ် ပလေးအောဖ့် ပွဲစဉ်ပထမအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆီဗီလာ အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
မာရှယ် ဟာ ဒီပွဲမှာ ဆီဗီလာ အသင်း တတိယမြောက်ရယူခဲ့တဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ပြင်သစ် တိုက်စစ် မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက် အသင်းကနေ (၆)လ အငှားစာချုပ်နဲ့ ဆီဗီလာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။မာရှယ် ဟာ အယ်လ်ချီအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဆီဗီလာ အသင်းအတွက် ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ အဲဒါကြောင့် မာရှယ် ဟာ ဆီဗီလာ အသင်းအတွက် (၃)ပွဲသာ ကစားအပြီးမှာ ဂိုးဖန်တီးမှုရော သွင်းဂိုးရော ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆီဗီလာ အသင်းအားကစားဒါရိုက်တာ မွန်ချီ ကတော့ မာရှယ် ဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာ ပြီးနောက် စပိန်မှာ ပျော်ရွှင်နေပြီလို့ ပြောခဲ့တာပါ။"သူ ဒီကိုရောက်နေတာ (၂)ပတ်ကျော်ကြာ ရှိပြီဖြစ်ပေမယ့် သူ ပျော်ရွှင်နေတာကို ကျနော်တို့ မြင်တွေ့ရပါတယ်။ကစားသမားတဦးမှာ နည်းစနစ်ပိုင်း၊ နည်းဗျုဟာပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ အရည်အသွေးတွေရှိတဲ့အခါမှာ ခင်ဗျားတို့လုပ်ရမှာက သူ့ရဲ့အရည်အသွေးတွေ ပြန်ပေါ်လာဖို့အတွက် ပြီးပြည့်စုံတဲ့နေရာနဲ့ ထိတွေ့ဖို့ပါပဲ။ ဒီနေရာကို ရှာတွေ့နိုင်မယ်လို့ ထင်ပါတယ်။ ကစားသမားတိုင်းမှာတော့ လိုအပ်ချက်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
မာရှယ် ဟာ အခုနှစ်ရာသီရဲ့ ပထမရာသီဝက်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး (၁၁)ပွဲမှာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။အဲဒါကြောင့် ပြင်သစ်ကစားသမားဟာ ပုံမှန်ပွဲကစားခွင့် ရနိုင်မယ့် ဆီဗီလာ အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မာရှယ် ဟာ ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ် အသင်းတို့ရဲ့ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ဆီဗီလာ အသင်းကိုသာ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တာလို့ ဝန်ခံထားတာ ပါ။
မာရှယ် အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ဆီဗီလာ အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်မှာ အပြီးသတ် ဝယ်ယူ ခွင့် မပါဝင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကစားသမားဟာ ဆီဗီလာနဲ့ အငှားစာချုပ်ကုန်ဆုံးချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြန်ရမှာပါ။ မာရှယ် ကတော့ လက်ရှိအချိန်မှာ ဆီဗီလာ အသင်းအတွက်ပဲ အာရုံစိုက် ထားတယ်လို့ ပြောထားတာဖြစ်ပါတယ်။
Source:Goal