CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

အင်ဒိုနီးရှား တိုက်ခိုက်ရေးသမား ဆူနိုတိုက မြန်မာဖိုက်တာ တီရယ်လ်ထန်နဲ့ မကျေပွဲ ပြန်ထိုးချင်တယ်လို့ ပြောလိုက်ပါ တယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံမှာ ONE Championship ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြ တာမှာ အနိုင်ရရှိတဲ့သူမရှိဘဲ ပွဲကိုအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆူနိုတိုက “ဒီမကျေပွဲပြီးရင် ကျနော် လွတ်လွတ်လပ်လပ် နေမှာပါ။ ကျနော် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး စွမ်းအားတွေ လည်း ရှိပါတယ်။ ဒါက ကျနော့် ကစားသမားဘဝရဲ့ အကောင်းဆုံး ပြင်ဆင်မှု ကာလပါပဲ”လို့ ပြောခဲ့တာပါ။

တီရယ်လ်ထန်ရဲ့ ဒူးတိုက်ချက်တွေဟာ အင်ဒိုနီးရှား တိုက်ခိုက်ရေးသမားရဲ့ တားမြစ်ထားတဲ့ နေရာကို ၂ ကြိမ်တိုင်တိုင် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒိုင်လူကြီးက အနိုင်ရရှိတဲ့သူ မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီပွဲမှာ ဒိုင်လူကြီး အိုလီဗီယာက ဆူနိုတိုကို ကုသမှု ခံယူနိုင်ဖို့အတွက် ပွဲကို ၂ ကြိမ်တိုင်တိုင် ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်မှုအပြီးမှာ ဒိုင်လူကြီးက တီရယ်လ်ထန်ကို အဝါတက်ပြသခဲ့တာပါ။ အဲ့ဒီနောက်မှာ ဒိုင်လူကြီးက ပွဲကို ရပ်တန့်လိုက်တဲ့ အချိန်မှာ တီရယ်လ်ထန် အလွန်စိတ်ပျက်သွား ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တီရယ်လ်ထန်နဲ့ ဆူနိုတိုတို့ကို တွေ့ရစဉ်(VOI)

ဆူနိုတိုက “အဲ့ဒီလို အဖြစ်အပျက်မျိုး မရှိဘူးဆိုရင် ပွဲကောင်းတစ်ပွဲ ဖြစ်မယ်ထင်တယ်”လို့ ပြောခဲ့ပါတယ်။

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ အချေအတင်တွေ ဖြစ်ခဲ့ပါသေးတယ်။ ONE Championship ပြိုင်ပွဲနဲ့ ဆူနိုတိုရဲ့ အကောင့်တွေမှာ မှတ်ချက်တွေ ဝင်ရောက်ရေးသားခဲ့ကြတာပါ။ တီရယ်လ်ထန် ကိုယ်တိုင်ကလည်း မကျေပွဲ ပြန်ထိုးရမယ်ဆိုရင် သူငြင်းသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ တီရယ်လ်ထန်ဟာ ပရော်ဖက်ရှင်နယ် MMA ပွဲပေါင်း ၅ ပွဲ ထိုးသတ်ထားခဲ့တာဖြစ်ပြီး ၃ ပွဲ အနိုင်ရရှိ ကာ (၁)ပွဲရှုံးနိမ့်ပြီး ဒီတစ်ပွဲကတော့ အနိုင်အရှုံးမရှိတာ ဖြစ်ပါတယ်။

Source: VOI