CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
လက်စတာ အသင်းဟာ ဝုလ်ဗ်စ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရေးနိမ့်ခဲ့မယ်ဆိုရင် ဒီတပတ်ထဲမှာ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်သွားမယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။
လက်စတာ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့်(၁၁)နေရာမှာ ရောက်ရှိနေတာကြောင့် ဘရန်ဒန်ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းလာခဲ့တာပါ။
လက်စတာ အသင်းဟာ မကြာသေးခင်ကလည်း အက်ဖ်အေ ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် နည်းပြ ဘရန်ဒန် ရော်ဂျာဟာ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ လက်စတာ အသင်းရဲ့ ဘောလုံး ဒါရိုက်တာ ရက်ဒ်ကင်နဲ့ အဆင်မပြေမှုတွေ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားတာပါ။
အစောပိုင်းက လက်စတာ အသင်းဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့မယ်ဆိုရင် ဘရန်ဒန်ရော်ဂျာကို ရာထူး ကနေ ထုတ်ပယ်တော့မှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာ အသင်းဟာ ဝက်စ်ဟမ်း အသင်းနဲ့ (၂)ဂိုးစီ သရေကျသွားခဲ့တာပါ။ လက်စတာ အသင်းဟာ ပြီးခဲ့တဲ့ (၂)ရာသီက ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့်(၅)နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
လက်စတာအသင်း နည်းပြ ဘရန်ဒန်ရော်ဂျာကိုတွေ့ရစဉ်(SI)
လက်စတာ အသင်းဟာ အဆင့်(၅)နေရာက ဝက်စ်ဟမ်း အသင်းနဲ့ (၁၄)မှတ် ကွာဟနေတာကြောင့် လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမှာပါ။ လက်စတာ အသင်းဟာ အခုလ အစောပိုင်းက နော်တင်ဟမ် ဖောရတ်စ် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း စပါး တပ်မော်စကိုနဲ့ နာပိုလီအသင်းတို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီး ကစားခဲ့ရတာပါ။ လက်စတာ အသင်းဟာ ယူရိုပါ ကွန်းဖရန့်စ်လိဂ်ပြိုင် ပွဲရဲ့ ပလေးအောဖ့်အဆင့်မှာ ဒိန်းမတ်ကလပ် ရန်ဒါးစ်အသင်းနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
လက်စတာ အသင်းဟာ ဒီဇင်ဘာ ၂၈ ရက်က လီဗာပူးလ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲမရတော့တာပါ။ ဘရန်ဒန်ရော်ဂျာဟာ လက်စတာ အသင်းကို ၂၀၁၉ ခုနှစ်က စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း (၁)ကြိမ်စီ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Football Insider