CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ရုရှားစကိတ်စီးသမား အယ်လ်ဒိုရှကင်ဟာ အမေရိကန်ကို အနိုင်ရတဲ့ ပွဲအပြီးမှာ လက်ခလယ်(ဆဲရေးတိုင်ထွားခြင်း သင်္ကေတ) ထောင်ပြီး အလေးပြုခဲ့တဲ့ အမူအရာကို ပြုလုပ်သွားခဲ့ပါတယ်။

ရုရှား စကိတ်စီးအဖွဲ့ ဥက္ကဋ္ဌကတော့ အိုလံပစ်ပြိုင်ပွဲ အတွေ့အကြုံမရှိသေးတဲ့ အယ်လ်ဒိုရှကင်ရဲ့ အမူအရာဟာ စိတ်ခံစားမှု ပြင်းထန်တာထက် အနည်းငယ်ပိုတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“ဒီနေ့ဟာ ကျနော်တို့ အဖွဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ပါ။ ဒန်နေးလ်ရဲ့ ပထမဆုံး ပွဲဦးထွက်ဖြစ်ပြီး ပထမဆုံး အိုလံပစ် ဆုတံဆိပ်ကို ရရှိခဲ့တာပါ။ သူ့ရဲ့ စိတ်ခံစားမှုဟာ အဆုံးအစွန်ထိ ရောက်သွားတယ်လို့ ကျနော်တို့ကို ပြောခဲ့ပါတယ်။ ဒီအခြေအနေကြောင့် တစ်စုံတစ်ဦး အနှောင့်အယှက် ဖြစ်ခဲ့တယ်ဆိုရင် ကျနော်တို့ တောင်းပန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အယ်လ်ဒိုရှကင်ကတော့ သူဟာ အပြစ်မရှိဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ (၃)ဦးတွဲ အမြန်စကိတ်စီးပြိုင်ပွဲမှာ ငွေတံဆိပ်ရတဲ့ ရုရှားအိုလံပစ်ကော်မတီ အဖွဲ့မှာ အသက်(၂၀)အရွယ်ရှိ အယ်လ်ဒိုရှကင်လည်း ပါဝင်ခဲ့တာပါ။

ရုရှားစကိတ်အဖွဲ့(RT)

ရုရှားအိုလံပစ်ကော်မတီ အဖွဲ့ဟာ အကြိုဗိုလ်လုပွဲမှာ အမေရိကန်ကို အနိုင်ရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ နော်ဝေကို အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဒိုရှကင်ဟာ အမေရိကန်ကို အနိုင်ရခဲ့တာကြောင့် အနည်းဆုံး ငွေတံဆိပ်ကို ရရှိတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ ခံစားချက်ကို မထိန်းနိုင်တော့ဘဲ လက်ခလယ်ကို ဆန့်ထုတ်ပြီး လက်ကို မြှောက်ခဲ့တာပါ။

အယ်လ်ဒိုရှကင်က “ကျနော်လက်ကို မြှောက်လိုက်တယ်။ ကျနော့်အတွက် ဒါဟာ ပထမဆုံး ဆုတံဆိပ်၊ ပထမဆုံး အိုလံပစ်ပါ။ ကျနော် ဘာမှကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်ဆိုရင် တောင်းပန်ပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု သက်သက်ပါပဲလို့ အယ်လ်ဒိုရှကင်တို့ အဖွဲ့ထဲမှ တစ်ဦးက ပြောခဲ့တာပါ။

ရုရှားအိုလံပစ်ကော်မတီအဖွဲ့ဟာ ကျင်းပနေဆဲ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ဆုတံဆိပ် ၂၀ ခုနဲ့ နိုင်ငံအလိုက် အဆင့်(၉)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: rt.com