CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ဂျိုကိုဗစ် ကတော့ ကိုဗစ်ကာကွယ်ဆေးထိုးခိုင်းတာထက် အနာဂတ်ဆုဖလားတွေကို လက်လွှတ်လိုက်ရတာက ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။ ဆားဘီးယား ကစားသမားက ဘီဘီစီနဲ့ သီးသန့်အင်တာဗျူး ပြုလုပ်ရာ မှာ သူဟာ တဦးချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်ကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ် ဟာ ကာကွယ်ဆေးမထိုးတာကြောင့် ပြီးခဲ့တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာလည်း ပါဝင်မကစားခဲ့ရဘဲ ဗီဇာရုပ်သိမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပါ။ ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမားဟာ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲဝင်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာဖြစ်ပါ တယ်။

ဂျိုကိုဗစ် က “ကာကွယ်ဆေးထိုးတာကို ကျနော်ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါဘူး။ ကလေးဘဝတုန်း ကလည်း ကာကွယ်ဆေးတွေထိုးခဲ့ပါတယ်။ဒါပေမယ့် ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ထည့်ထားတဲ့အရာကို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကျနော်အမြဲထောက်ခံခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ် မပါဝင်နိုင်မှုကြောင့် ရာဖေးလ်နာဒယ်လ် ဗိုလ်စွဲခဲ့ကာ ဂရမ်းဆလမ်း (၂၁)ကြိမ်နဲ့ အမျိုးသားတင်းနစ်ကစားသမားထဲမှာ အအောင်မြင်ဆုံး တင်းနစ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

ဂျိုကိုဗစ် က “ကျနော်ဟာ တတ်နိုင်သလောက် ကျနော့်ရဲ့ ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီးနေထိုင်နေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့သူတိုင်းက ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတယ်ဆိုတာနားလည်ပါတယ်။ဒီ ဗိုင်းရပ်စ်ကို မကြာခင်မှာ အဆုံးသတ်နိုင်မယ်လို့လည်း မျှော်လင့် ကြောင်း”ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်အနေနဲ့ ကာကွယ်ဆေးမထိုးဘူးဆိုရင် ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရနိုင်တာဖြစ်ပါတယ်။ ဂျိုကိုဗစ် ဟာ အခုလထဲမှာ ကျင်းပမယ့် ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်ကစားသမားစာရင်းမှာ ပါဝင်နေတာပါ။ အဲဒါကြောင့် ဆားဘီးယား ကစားသမား အနေနဲ့ အခုနှစ်ရာသီမှာ ၎င်းရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Source:BBC