CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

အာဆင်နယ် အသင်းနည်းပြ အာတီတာဟာ အင်္ဂလန်မှာ (၁၈)နှစ်ကြာရှိပြီဖြစ်ပေမယ့် မာတင်နယ်လီ ကို ပြသခဲ့တဲ့ အနီကတ်မျိုး တခါမှမမြင်တွေ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။ အာတီတာ က ဒီအနီကတ်နဲ့ပတ်သက်ပြီး ဖြေရှင်း ချက်ပေးဖို့ ပြောခဲ့သလို အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းတွေကိုလည်း ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

မာတင်နယ်လီ ဟာ အာဆင်နယ် အသင်းက ဝုလ်ဗ်စ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ပွဲချိန်(၆၉)မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ သူဟာ အဆိုပါ မိနစ်အတွင်းမှာ ပြစ်ဒဏ်နှစ်ကြိမ် ကျုးလွန်ခဲ့တာကို ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ က အဝါကတ်နှစ်ကြိမ် ဆက်တိုက် ပြသခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ မာတင်နယ်လီ ရဲ့ အနီကတ်အပါအဝင် အခုနှစ်အတွင်းမှာ အနီကတ်(၄) ကတ်ပြသခံထားရတာဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် အသင်းဟာ တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂါဘရီရယ်လ်ရဲ့ဂိုးကြောင့် ဝုလ်ဗ်စ် အသင်းကို အနိုင်ရခဲ့တာပါ။

ဒီပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့်(၅)နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာ က “မာတင်နယ်လီ ကို ပြသခဲ့တဲ့ အနီကတ်ကို တခါမှမမြင်တွေ့ဖူးပါဘူး။ ကျနော် ဒီနိုင်ငံမှာ ရှိတာ (၁၈)နှစ်ရှိပါပြီ ဒီလိုမျိုးတခါမှမတွေ့ဖူးပါဘူး။ အနိုင်ရလဒ်အတွက် တကယ်ကို ကျေနပ်မိပါတယ်”လို့ ပြောခဲ့ ပါတယ်။ အာဆင်နယ် အသင်းဟာ နည်းပြ အာတီတာ တာဝန်ယူခဲ့တဲ့ (၂၀၁၉) ကတည်းက အနီကတ်(၁၅) ကြိမ် အထိ ပြသခံထားရတာဖြစ်ပါတယ်။

အာတီတာ က “စိုးရိမ်စရာပါပဲ။ အနီကတ်က အရာတွေအားလုံးကို ပြောင်းလဲသွားပါတယ်။(၁၀)ယောက်တည်းနဲ့ ပွဲတွေအနိုင်ရဖို့ အလွန်ခက်ခဲပြီး အဲဒါကို ရပ်တန့်ပစ်ရပါမယ်။ နောက်ဆုံး(၁၆)ပွဲမှာတော့ ကစားသမား(၁၁)ဦးနဲ့ ကစားဖို့ လိုအပ်ပါတယ်။ဒါက အဓိကပါပဲ။(၁၀)ယောက်နဲ့ ပွဲတွေအနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး လို့” ပြောခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နောက်ခံလူဟောင်း မာတင်ကီအွန် က ဒါဟာ ဒိုင်လူကြီးရဲ့ လက်ချက်ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဖေဖော်ဝါရီလမှ နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source:DailyMail