CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ်စတီယာနိုဂျုနီယာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက်(၁၁)နှစ်အရွယ်ရှိ လူငယ်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ရက်အတွင်းမှာ ဖခင်ဖြစ်သူနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပုံများ ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာမှာ အခုလို စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ဂျုနီယာ ဟာ ကလပ်အသင်းရဲ့ လူငယ်အသင်းမှာ ဆက်ရှိဖို့ သဘောတူညီ ခဲ့ပြီးနောက် ကျောနံပတ်(၇)ဂျာစီနဲ့ ဓါတ်ပုံတွဲရိုက်ထားတာပါ။ ရော်နယ်ဒို ဂျုနီယာ ဟာ အလားအလာရှိတဲ့ ပါရမီရှင် ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂါဘရီရယ်လ်နဲ့ ဓါတ်ပုံအတူ တွဲရိုက်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီရယ်လ် ကတော့ အင်စတာဂရမ်မှာ ဖော်လိုဝါ (၂ သောင်း ၆)ထောင်ရှိပြီး Nike နဲ့ စပွန်ဆာ စာချုပ်ချုပ် ဆိုထားသူပါ။

ရော်နယ်ဒို ကတော့ အိုးထရက်ဖိုဒ့်မှာ သူ့ရဲ့သားဖြစ်သူ စာချုပ်သစ်နဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးသလို ရော်နယ်ဒို ဂျုနီယာဆီမှာလည်း ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်မရှိသေးတာဖြစ်ပါတယ်။ အသက်(၃၇)နှစ် အရွယ်ရှိ ရော်နယ်ဒို ဟာ သူ့ရဲ့သားဖြစ်သူနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ပုံမှာ လက်ရှိနဲ့အနာဂတ် ဆိုပြီး ရေးသားထားပြီး အဲဒီမှတ်ချက်ကြောင့် သူ့ရဲ့သားအကြီးဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာပြီး ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်မယ့်သူအဖြစ် အကြံပြုရေးသားလာကြပါတယ်။

ရော်နယ်ဒို ဂျုနီယာအတွက်တော့ ချန်ပီယံလိဂ်ဖလား(၅)ကြိမ်နဲ့ ဘောလွန်းဒီအော(၅)ကြိမ်ရထားတဲ့ သူ့ရဲ့ဖခင်ဟာ သူ့အတွက် ပိုကောင်းတဲ့ စံနမူနာအဖြစ် ရှိနေတာပါ။ ရော်နယ်ဒို ကတော့ သူ့ရဲ့သားကို ဘောလုံးသမား ဖြစ်လာဖို့ အတင်းအကြပ်ဖိအားပေးမှာမဟုတ်ဘူးလို့ အင်တာဗျုးတွေမှာ ဖြေကြားထားတာပါ။

ရော်နယ်ဒို က “အောင်မြင်ဖို့က အလုပ်နဲ့ ဇွဲလုံ့လလိုတယ်လို့ အမြဲတမ်းပြောဖူးပါတယ်။ ဘောလုံးသမားဖြစ်ဖို့ ဖိအားမပေးပါဘူး။ သူ့ကို ဖြစ်စေချင်လားလို့မေးရင်တော့ ဖြစ်စေချင်ပါတယ်။ အရေးကြီးဆုံးက ဘောလုံးသမား ပဲဖြစ်ဖြစ် ဆရာဝန်ပဲဖြစ်ဖြစ် လုပ်တဲ့အရာတွေမှာ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ ပညာသာ ကောင်းကောင်း ပေးနိုင်မယ် ဆိုရင် သူဟာ သန်မာပြီး အခုအရာတွေကို တန်ဖိုးထားလာတတ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

Source:Mirror