CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နေအိမ်ရှိ ကြောင်ကို ကန်ပြီးရိုက်နှက်ခဲ့တဲ့ ဇူးမားကို အသင်းဖော်တစ်ဦးဖြစ်တဲ့ အန်တီနီယိုက ဒီဖြစ်ရပ်ဟာ လူမျိုးရေးခွဲခြားမှုထက် ပိုဆိုးနေလို့လားဟု မေးခွန်းထုတ်လိုက်ပါတယ်။
ဇူးမား ဟာ အဲဒီလုပ်ရပ်ကြောင့် RSPCA ကလည်း သူ့ရဲ့ကြောင်နှစ်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခေါ်ဆောင်သွားခဲ့ပြီး Adidas ကလည်း သူနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် ဝက်စ်ဟမ်း အသင်းကလည်း ၎င်းကို ဒဏ်ကြေးငွေပေါင်(၂)သိန်းခွဲ ချမှတ်ခဲ့သလို လက်စတာနဲ့ ကစားရမယ့် ပွဲရဲ့အသင်းလူစာရင်းကနေလည်း ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီယို ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူ့ကို မေးမြန်းခဲ့ရာမှာ အခုလို တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။
အန်တိုနီယို က "ခင်ဗျားတို့ကို ကျနော်မေးစရာတခုရှိတယ်။ သူလုပ်ခဲ့တဲ့အရာက လူမျိုးရေးခွဲခြားမှုထက် ပိုဆိုးတယ်လို့ ခင်ဗျားတို့ထင်သလား။သူလုပ်ခဲ့တာကို ကျနော် လုံးဝသဘောမတူပါဘူး။ လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ကျခံရတဲ့သူတွေရှိတယ်။ဖမ်းဆီးခံရတဲ့သူတွေလည်းရှိပါတယ်"လို့ပြောပါတယ်။
ဒါ့အပြင် သူက "ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ဟာ ဘောလုံးပြန်ကစားခဲ့ပါတယ်။ သူတို့ ဟာ (၈)ပွဲပယ်ပြစ်ဒဏ် ဒါမှမဟုတ် ဒီလိုမျိုးတွေချမှတ်ခံရပါတယ်။ ဒါပေမယ့် လူတွေက အလုပ်ကနေထုတ်ပယ်ဖို့၊ စားဝတ်နေရေးနဲ့ ဘဝရပ်တည်မှုတွေပါ ဆုံးရှုံးဖို့ တောင်းဆိုနေကြတယ်။ ဒီမေးခွန်းကို အပြင်မှာရှိတဲ့သူတိုင်းကို ကျနော်မေးရမှာပါ။ ဇူးမား လုပ်ခဲ့တာက လူမျိုးရေးခွဲခြားမှုမှာ ပြစ်ဒဏ်ကျခံရတဲ့ လူတွေထက် ပိုဆိုးသလား"လို့ ပြောခဲ့တာ ဖြစ်ပါတယ်။