CNI International News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ရော်နယ်ဒိုနဲ့ တီဗတ်စ် တို့ကို ရောင်းချပြီးကတည်းက မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြန်လည် ကောင်းမွန်လာဖို့ ရုန်းကန်နေရတယ်လို့ ဝိန်းရွန်နီ က ယုံကြည်နေတာဖြစ်ပါတယ်။ ဝိန်းရွန်နီ ဟာ မန်ချက် စတာယူနိုက်တက် အသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့သူပါ။

လက်ရှိ ဒါဘီ အသင်းကို ကိုင်တွယ်နေတဲ့ ၀ိန်းရွန်နီ ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၅)ကြိမ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနဲ့ ဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာပါ။ ဝိန်းရွန်နီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၅၃)ဂိုး သွင်းယူခဲ့ပြီး ကလပ်အသင်းရဲ့ စံချိန်တင်ဂိုးအများဆုံး ကစား သမားအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဝိန်းရွန်နီ ဟာ အဲဒီအချိန်တုန်းက ရော်နယ်ဒို၊ တီဗတ်စ် တို့ အပါအဝင် ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့နဲ့ ကစားခဲ့ရတာပါ။

(၂၀၀၈) က မန်ချက်စတာယူနိုက်တက် အသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား (၂)လုံး ရရှိခဲ့ရာမှာ သူတို့ သုံးဦးလုံးက အဓိက စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ တီဗတ်စ် တို့ဟာ (၁)နှစ်အကြာမှာ အသင်းက ထွက်သွားခဲ့ပြီး နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကတော့ (၂၀၁၃) မှာ အနားယူသွားခဲ့တာပါ။ အဲဒါကြောင့် ကလပ်အသင်းအနေနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ဝိန်းရွန်နီ က ယုံကြည်ခဲ့တာဖြစ်ပါတယ်။

၀ိန်းရွန်နီ က “(၂၀၀၉)နဲ့ (၂၀၁၀)မှာ ရော်နယ်ဒိုနဲ့ တီဗတ်စ်တို့ကို ဆုံးရှုံးခဲ့ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောချင် ပါတယ်။ အဲဒီအချိန်ကတည်းကနေ ပြန်ကောင်းလာဖို့ ရုန်းကန်နေရတုန်းပဲလို့ ယုံကြည်ပါတယ်။ ဆာ အဲလက်စ်နဲ့ ဒေးဗစ်ဂီးလ် ကို ဆုံးရှုံးခဲ့ရတာကလည်း သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ အက်ဒ်ဝုဒ် ရောက်ရှိလာပြီး သူလည်း ကောင်းမွန်စွာလုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ဟာ နည်းပြတွေကိုလည်း အကြိမ် အနည်းငယ်ပြောင်းလဲခဲ့ပါတယ်။ သူတို့ဟာ နည်းပြတည်ငြိမ်မှုကို လိုအပ်ပြီး ကစားသမားတွေနဲ့ တွဲအလုပ်လုပ်ဖို့ အချိန်အနည်းငယ်တော့လိုပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေ အသင်း နဲ့ တဖက်တဂိုးစီ သရေကျခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့တာပါ။(၂၀၀၉) က မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရယ်လ် အသင်းကို ထွက်ခွာသွားတဲ့ ရော်နယ်ဒို ကတော့ ဒီရာ သီမှာ အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တီဗတ်စ် ကတော့ ဘိုကာဂျုနီယာကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

Sourece:Metro