CNI Sport News

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

မက်ဆီကို ဝေဖန်တဲ့သူတွေက ဘောလုံးအကြောင်းကို ဘာမှနားမလည်တဲ့သူတွေလို့ ရီးရယ်လ် တိုက်စစ် ကစားသမား ဘန်ဇီမာ က ပြောလိုက်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်း(၂၀) ‌ ကျော်ကြား ကစားခဲ့ပြီးနောက် မနှစ်က နွေရာသီအပြောင်းအရွှေ့က ပီအက်စ်ဂျီ အသင်းထံ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ မက်ဆီဟာ ဂိုးဖန်တီးမှု၊ သွင်းဂိုးအများအပြားနဲ့ စံချိန်တွေကို ချိုးဖျက်ခဲ့ပြီး ဘာစီလိုနာ အသင်းကို ဆုဖလားပေါင်း(၃၅)ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီ အသင်းရဲ့ ပထမရာသီဝက်မှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့် ဘန်ဇီမာကတော့ မက်ဆီဟာ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်မယ်ဆိုတာကို သံသယမရှိဘူးလို့ ပြောခဲ့ပါတယ်။ မက်ဆီနဲ့ဘန်ဇီမာတို့ဟာ နှစ်ပေါင်းများစွာ ကြာ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရတာပါ။ သူတို့နှစ်ဦးဟာ အခုရာသီ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာလည်း ထိပ်တိုက်တွေ့ဆုံရဦးမှာဖြစ်ပါတယ်။

ဘန်ဇီမာက “ဒါဟာ လိုက်လျောညီထွေဖြစ်တဲ့အချိန်ဖြစ်ပြီး ဘာဖြစ်လို့လဲဆိုရင် သူဟာ ဂိုးတွေအများကြီး မသွင်း ယူထားလို့ပါ။ ဒါပေမယ့် ကွင်းထဲမှာ သူဘာတွေလုပ်နေလဲဆိုတာကို ကြည့်လိုက်ပါ။ ဘယ်လိုဖြစ်ဖြစ်ပါ ဒီလို ကစားသမားတဦးကို ဝေဖန်လို့ မရပါဘူး။ မက်ဆီကို ဝေဖန်တဲ့သူတွေက ဘောလုံးအကြောင်းကို ဘာမှ နားမလည် ကြဘူး” လို့ Telefoot နဲ့ အင်တာဗျုးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် (၂၀၂၂) ရာသီအစပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ ရိမ်းစ်အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့တာပါ။ အာဂျင်တီးနား အသင်း ခေါင်းဆောင်ဟာ ပြင်သစ်ကလပ်အတွက် ပြိုင်ပွဲစုံ(၁၆)ပွဲ ပါဝင်ကစားထားပြီး (၆)ဂိုးသွင်းယူကာ (၅)ဂိုးဖန်တီး ထားတာလည်းဖြစ်ပါတယ်။ မက်ဆီဟာ လီဂူးဝမ်းမှာ (၁)ဂိုးနဲ့ ချန်ပီယံလိဂ်မှာ (၅)ဂိုး သွင်းယူထားတာပါ။

မက်ဆီဟာ ကြံခိုင်မှုအပိုင်းကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် အခုလာမယ့် ရက်သတ္တပတ်မှာ ကစားမယ့် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါ တယ်။ အာဂျင်တီးနားအသင်းဟာ ဇန်နဝါရီ(၂၇)ရက်မှာ ချီလီ၊ ဖေဖော်ဝါရီ(၁)ရက်မှာ ကိုလံဘီယာတို့နဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ရမှာပါ။ အာဂျင်တီးနား အသင်းကတော့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ထားပြီးပြီလည်း ဖြစ်ပါတယ်။

Source: Goal