CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

နယူးကာဆယ်အသင်းဟာ လေ့ကျင့်ရေးခရီးစဉ်အဖြစ် အသင်းပိုင်ရှင်ရှိတဲ့ ဆော်ဒီနိုင်ငံကို သွားရောက်တာဟာ ကစားသမားတွေအကျိုးအတွက် ဘောလုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ နည်းပြ အက်ဒီဟိုဝီ က ပြောလိုက်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ လိဒ်စ်နဲ့ကစားခဲ့ပြီးဖြစ်တာကြောင့် နိုင်ငံတကာပွဲစဉ်တွေပြီးမှ နောက်လာမယ့် ပွဲစဉ်ကို ဖေဖော်ဝါရီ(၈)ရက်မှ ပြန်လည်ကစားရမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆယ်လ်မန်ရဲ့ဆော်ဒီအာရေဗျ PIF က (၈၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။

ဆော်ဒီအာရေဗျ PIF က နယူးကာဆယ်ကို ဝယ်ယူခဲ့ပြီးနောက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို ပေါင်(၃၀၅)သန်းနဲ့ ဝယ်ယူမှုဟာ ပရီးမီးယားလိဂ် သမိုင်း တလျှောက် အငြင်းပွားစရာအရှိဆုံးအရာတွေထဲက တခုလည်းဖြစ်လာခဲ့တာပါ။ အက်ဒီဟိုဝီ က “ကျနော့်ဘက် ကတော့ ဒါနဲ့ပတ်သက်ပြီး အနှောက်အယှက်မဖြစ်ပါဘူး။ ဒါက လေ့ကျင့်ရေးနဲ့ ကစားသမားတွေအကြောင်းဖြစ်ပြီး လာမယ့်ပွဲတွေအတွက် အာရုံစိုက်ဖို့ပါ။ ကစားသမားတွေကို စုစည်းဖို့ မတူညီတဲ့ ပတ်ဝန်းကျင်တခုမှ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ အသုံးအဆောင်တွေနဲ့ အရာအားလုံးက ပထမတန်းစားဖြစ်ပြီး ကျနော်တို့ ပြင်းပြင်း ထန်ထန်လေ့ကျင့်သွားမှာဖြစ်ကာ ဒါက ကျနော့်ရဲ့တခုတည်းသော အာရုံစိုက်မှုဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆော်ဒီနိုင်ငံက အသင်းကို ထိန်းချုပ်မှာ မဟုတ်ဘူးဆိုတဲ့ တရားဝင်အာမခံမှုတွေကို ပရီးမီးယားလိဂ်က လက်ခံ ရရှိပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပေမယ့် ဒီဝယ်ယူမှုကို နောက်ဆုံးမှာ အတည် ပြုခဲ့တာ ဖြစ်ပါ တယ်။ မိုဟာမတ်ဘင်ဆယ်လ်မန် ဟာ PIF ဥက္ကဌ အဖြစ် ရပ်တည်နေမှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းတွေထုတ်ခဲ့ကြတာပါ။ နယူးကာဆယ်အသင်း ကစားသမားတွေ၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေအားလုံး ဟာ ဆော်ဒီမှာရှိနေတဲ့အချိန်အတွင်း လူ့အခွင့်အရေးကြောင်း ပြောဖို့ ပြင်ဆင်ထားသင့်တယ်လို့ အက်ဒီဟိုဝီ က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်ဟာ နောက်လာမယ့်ပွဲအတွက် တန်ဖိုးရှိမှာဖြစ်တယ်လို့လည်း အက်ဒီဟိုဝီ က ပြောခဲ့တာပါ။ “ဒါကို အားလုံးစီမံခန့်ခွဲနိုင်ပါတယ်။ အကွာအဝေးက သိပ်ပြီးဝေးကွာတယ်လို့ မထင်ပါဘူး။ ပြီးတော့ အရာအားလုံး ကို ထည့်တွက်ရပါမယ်။ ကျနော်တို့ဟာ နောက်ပွဲအတွက် ကြီးမားတဲ့ ကွာဟချက်ရှိပါတယ်။ ကစားသမားတွေနဲ့ ခရီးသွားရတာ အဆင်ပြေပါတယ်။ ကိုဗစ်နဲ့ပတ်သက်ရင် တင်းတင်းကျပ်ကျပ်လုပ်ပါမယ်။ ကျနော်တို့ ကောင်းမွန် စွာ အလုပ်လုပ်ပြီး စည်းစည်းလုံးလုံးနဲ့ ပြန်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

Source: BBC