၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ပါတေးဟာ (၂) ရက်အတွင်းမှာ ပြိုင်ပွဲ(၂)ခုကနေ ထွက်ခဲ့ရပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရတယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။
ပါတေးဟာ လီဗာပူးလ်နဲ့ ကစားတဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားဖို့ (၇)နာရီကြာ လေယာဉ်စီးပြီး ရောက်ရှိလာခဲ့ပေမယ့် (၁၅)မိနစ်သာ ပါဝင်ကစားပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပါတေးဟာ ဒုတိယပိုင်း ပွဲချိန်(၇၄)မိနစ်မှာ လူစားဝင်ကစားသမားအဖြစ်ဝင်ကစားခဲ့ပေမယ့် (၈၇)မိနစ်မှာ အဝါကတ် မိနစ်(၉၀)မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ပါတေးဟာ ပြီးခဲ့တဲ့ ရက်ကမှ ဂါနာ လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အာဖရိက အင်အားကြီး ဂါနာ အသင်းဟာ အသင်းငယ် ကိုမိုရို့စ် အသင်းကို အရေးနိမ့်ပြီး အုပ်စုတွင်း နောက်ဆုံးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ပါတေးဟာ ကင်မရွန်းကနေ ကြာသပတေးမနက်မှာ ထွက်ခွာလာခဲ့ တာဖြစ်ပြီး ပွဲမစတင်ခင်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ အခက်အခဲတွေရှိနေတဲ့အတွက်ဝင်ကစားပေးမယ်လို့ ၎င်းကပြောခဲ့ကြောင်းလည်း နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းကလည်း လီဗာပူးလ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ပထမအကျော့က ဂိုးမရှိသရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်အသင်းအနိုင်ရပြီး ကာရာဘောင်း ဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ ဒီပွဲမှာ အနီကတ်ထိခဲ့တာကြောင့် ဒီတပတ်မှာ ကစားမယ့် ဘန်လေနဲ့ပွဲကို ပွဲပယ်ခံရမှာဖြစ်တာမို့ နည်းပြ အာတီတာအတွက် နောက်ထပ်ခေါင်းကိုက်မှုဖြစ်စေခဲ့တာပါ။ အာတီတာကတော့ ပါတေးကို ဝင်ရောက်ကစားစေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။
အာတီတာ က “ကျနော် ဒါနဲ့ ပတ်သက်ပြီး နောင်တမရပေမယ့် အခုသူ့ကို အသုံးပြုလို့မရတော့ပါဘူး။ မြင်တဲ့ အတိုင်းပါပဲ။ ကျနော်တို့က သူ့ကို ကစားခိုင်းတဲ့ အချိန်မှာ သူကလည်း ကြိုးစားအားထုတ်ဖို့ လာခဲ့ပါတယ်။ ကျနော်တို့ဟာ ဆုံးဖြတ်ချက်တခုချခဲ့ပြီး သူ့ကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါက ဖြစ်ပျက်သွားတာပါ။ ပါတေးဟာ သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြသခဲ့ပါတယ်။ သူဟာ အာဖရိကဖလားကနေ ထွက်ခွာခဲ့ရလို့ အလွန်စိတ်ပျက်နေပေမယ့် ဒီပွဲမှာ ချက်ချင်းပဲ ပါဝင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူဟာနေ့လည်မှာ ရောက်ရှိ လာခဲ့ပေမယ့် ဟိုတယ်ကိုတန်းသွားခဲ့ပြီး အသင်းကို အကူညီပေးဖို့ အရန်ခုံမှာရှိနေချင်ခဲ့တာ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီလထဲမှာ ပါတေးရဲ့ အနီကတ်အပါအဝင် အနီကတ်(၃)ကြိမ်ပြသခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ရှာကာဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ခံလူ ဂါဘရီရယ်လ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရတာဖြစ်ပါတယ်။
Source: The Sun