၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁

ကိုပါဒယ်ရေးဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၂၁ ရက်က ကစားခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဆိုးရွားတဲ့ ရာသီကို ဖြတ်သန်းနေရပါတယ်။

ပွဲချိန်အတွင်းမှာ တဖက်၂ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ဘီလ်ဘာအို အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင် ရခဲ့တာပါ။ ပွဲချိန်အတွင်းမှာ မူနီယာက ဘီလ်ဘာအိုအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာဖြစ်ပြီး ဖာရန်တောရက်စ်က ဘာစီလိုနာအတွက် ပြန်ချေပဂိုးသွင်းနိုင်ခဲ့လို့ တဖက်တစ်ဂိုးစီနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းပြီးခါနီးမှာ မာတီးနတ်စ်က ဘီလ်ဘာအိုအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဂွန်ဇာလတ်စ်က မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့လို့ အချိန်ပို ကစားခဲ့ရတာပါ။ အချိန်ပိုမှာ မူနီယာကပဲ ဘီလ်ဘာအိုအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ဘာစီလိုနာအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ အန်ဆုဖာတီဟာ အချိန်ပိုမှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့လို့ ငိုကြွေးပြီး ကွင်းထဲကနေ ထွက်သွားခဲ့ရတာပါ။

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ စပိန်စူပါဖလား ပြိုင်ပွဲမှာလည်း အကြိုဗိုလ်လုပွဲ အဆင့်မှာ ရီးရယ်လ်အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း တတိယသာရခဲ့လို့ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရသလို လာလီဂါ အမှတ်ပေးဇယားမှာလည်း အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။

ဘာစီလိုနာနည်းပြ ဇာဗီကိုတွေ့ရစဉ်။(AP)

ဘာစီလိုနာအသင်းဟာ လာလီဂါမှာ သူတို့ရဲ့ ကြီးမားတဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ ၁၇ မှတ် ကွာဟနေခဲ့တာလည်း ဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေရတာပါ။

ဘာစီလိုနာအသင်းဟာ ရလဒ်တွေ မကောင်းတာကြောင့် နည်းပြအပြောင်းအလဲလုပ်ပြီး ကစားသမားဟောင်း ဇာဗီကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် သူလည်း အသင်းကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဇာဗီက “ဘီလ်ဘာအိုဟာ ကျနော်တို့ထက် ပိုသန်မာခဲ့ပြီး ကျနော်တို့အတွက် ခက်ခဲပါတယ်။ ပီဒရီရဲ့ဂိုးက အချိန်ပိုမှာ ကျနော်တို့ကို အတောင်ပံတွေ ပေးခဲ့ပေမယ့် ကံကြမ္မာက ပင်နယ်တီပေးဖို့ ရောက်လာခဲ့ ပြန်ပါတယ်။ ကျနော်တို့ ကြိုးစား ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီပရော်ဂျက်ကို ဆက်ပြီးယုံကြည်ဖို့ကလွဲရင် ကျနော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး။ လာလီဂါနဲ့ ယူရိုပါလိဂ်ကို ကျနော်တို့ ယုံကြည်ရပါမယ်။ အခြားအလုပ်လုပ်လို့ ရနိုင်မယ့် နည်းလမ်းတော့ မသိပါဘူး”လို့ မာကာသတင်းဌာနနဲ့ တွေ့စဉ် ပြောခဲ့တာ ဖြစ်ပါတယ်။

ဇာဗီအနေနဲ့ ဘာစီလိုနာ အသင်းအတွက် ဒီရာသီမှာ ရယူပေးနိုင်စရာ ဖလားအဖြစ် ယူရိုပါလိဂ်သာ ကျန်ရှိတော့တာပါ။ ဘာစီလိုနာ အသင်းဟာ ဒီတစ်ပတ်မှာ လာလီဂါ ပွဲစဉ်အဖြစ် အလာဗတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Daily Mail