CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

ပေါက်ကြားလာခဲ့တဲ့ ATP ရဲ့ အီးမေးလ်တစ်ခုထဲမှာ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ စည်းမျဉ်းအသစ်အရ ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာပါ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနဟာ လာမယ့်ပွဲတွေမှာ လာရောက်လည်ပတ် ယှဉ်ပြိုင်ကြမယ့် အားကစား သမားတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး ထိုးထားခြင်းမရှိတဲ့ အခြေအနေကြောင့် ကျင်းပနေတဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် မရခဲ့တာ ပါ။

အသက်(၃၄)နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် ဗီဇာကို ၂ ကြိမ်တိုင်တိုင် ရုပ်သိမ်းခံခဲ့ရပြီး သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးရသေးတဲ့ ကမ္ဘာ့အဆင့် ၁၀၀ ထဲမှာရှိတဲ့ ကစားသမား ၃ ဦးထဲက ၁ ဦးဖြစ်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ စည်းမျဉ်းတွေနဲ့ တွေ့မြင်ရတော့မှာပါ။

အဲ့ဒါကြောင့် ဂျိုကိုဗစ်ဟာ ပဲရစ်မှာကျင်းပမယ့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရနိုင်ပြီး ဂရမ်းဆလမ်း ၂၁ ကြိမ်မြောက် ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ထပ်မံဆုံးရှုံးတော့မှာလည်း ဖြစ်ပါတယ်။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်။ (The Sun)

ပရော်ဖက်ရှင်နယ် အမျိုးသားတင်းနစ်ပြိုင်ပွဲရဲ့ အုပ်ချုပ်မှုအဖွဲ့ဖြစ်တဲ့ ATP ဟာ လာမယ့် အပြောင်းအလဲတွေအတွက် ကစား သမားတွေထံ ပြတ်သားစွာ အသိပေးတဲ့ အီးမေးလ် တစ်စောင်ကို ပေးပို့ခဲ့တာပါ။ ပြင်သစ် ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း နဲ့ အရေးကြီးတယ်လို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးတဲ့ အားကစားသမားတွေကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ပြင်သစ်အစိုးရက မကြာခင် အတည်ပြုပြဋ္ဌာန်းပေးမယ့် ဥပဒေကို ပြင်သစ်တင်းနစ်အဖွဲ့ချုပ်က ကစားသမားတွေထံ အကြောင်းကြား ထားတယ် လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြင်သစ်အားကစားဝန်ကြီးဌာနက “စည်းကမ်းက ရိုးရှင်းပါတယ်။ ဒါက ကြည့်ရှုတဲ့သူ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် အား ကစားသမားဖြစ်တဲ့ သူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ပြင်သစ်အိုးပန်းက မေလမှာ ကျင်းပမှာပါ။ အခြေအနေတွေက အခုနဲ့ အဲ့ဒီကြားထဲမှာ အပြောင်းအလဲရှိနိုင်ပြီး အဲ့ဒါက ပိုအဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကင်းလွတ်ခွင့် မရှိဘူးဆို တာတော့ ရှင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ ၂၀၁၆ နဲ့  ၂၀၂၁ တွေမှာ ၂ ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။

Source: The Sun