CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

ဘရာဇီးလ် ဘောလုံးသမားဟောင်း ရော်ဘင်ဟိုဟာ မုဒိမ်းမှုပြစ်ဒဏ်အတွက် ထောင်ဒဏ် (၉)နှစ် ချမှတ်ခံရတယ်လို့ ဘီဘီစီ က ဖော်ပြလိုက်ပါတယ်။

ရော်ဘင်ဟိုဟာ ၂၀၁၃ ခုနှစ်က မီလန်မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ ပါဝင်ခဲ့တဲ့အတွက် ပြစ်မှုထင်ရှား စီရင် ခြင်းခံရပြီးနောက် နောက်ဆုံးအယူခံဝင်မှုမှာ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ရောမမြို့မှာရှိတဲ့ တရားရုံးချုပ် က အသက်(၃၇)နှစ်အရွယ်ရှိ ရော်ဘင်ဟိုကို ထောင်ဒဏ်(၉)နှစ် ချမှတ်ထားတဲ့ အရင်စီရင်ချက်အား အတည်ပြုခဲ့ခြင်းပါတယ်။

၂၀၁၇ ခုနှစ်က ရော်ဘင်ဟိုနဲ့ အခြားဘရာဇီးလ် နိုင်ငံသား ၅ ဦးတို့ဟာ နိုက်ကလပ်တစ်ခုမှာ အယ်လ်ဘေးနီးယန်း အမျိုးသမီး တစ်ဦးကို စော်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အယူခံဝင်ပြီးနောက် အခုပြစ်ဒဏ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ချမှတ်ခဲ့တာပါ။

အီတလီကတော့ တောင်အမေရိကမှာ ပြစ်ဒဏ်ကျခံဖို့ တောင်းဆိုနိုင်ပေမယ့် ရော်ဘင်ဟိုဟာ ဘရာဇီးလ်နိုင်ငံမှာ ရှိနေတဲ့ အတွက် ပြစ်ဒဏ်ကျခံဖို့ မဖြစ်နိုင်ကြောင်းနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ရဲ့ နိုင်ငံသားတွေကို လွှဲပြောင်း ပေးဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ရော်ဘင်ဟိုဟာ ဆန်းတို့စ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင်အတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားထားတာပါ။

ရော်ဘင်ဟိုကိုတွေ့ရစဉ်။(Eurosport)

ရော်ဘင်ဟိုဟာ ၂၀၀၅ ခုနှစ်မှာ စပိန်ကလပ် ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၄ ရာသီကြာ ကစားခဲ့ကာ လာလီဂါ ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ရော်ဘင်ဟိုဟာ မန်စီးတီးအသင်းကို ပေါင် ၃၂ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အင်္ဂလန်ဘောလုံးလောကမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ၂၀၁၀ ခုနှစ်မှာ ဆန်းတို့စ်အသင်းထံ အငှားသွားရောက်ကစားခဲ့ရတာပါ။

အဲဒီနောက်မှာ ဘရာဇီးလ် ကစားသမားဟာ အေစီမီလန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ကစားခဲ့ပြီး စီးရီးအေနဲ့ ကိုပါ အီတာလီယာ ဖလားတို့ကို ၁ ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။

ရော်ဘင်ဟိုဟာ အေစီမီလန်က ထွက်ခွာအပြီးမှာ တရုတ်ကလပ် ဂွမ်ကျိုးအဲဗားဂရမ်ဒီ၊ အသလက်တီကို မင်နဲရိုး၊ ဆီဗာစပေါ်၊ အစ္စတန်ဘူလ် ဘာဆက်ဆီဟာနဲ့ ဆန်းတို့စ် အသင်းတွေမှာ ကစားခဲ့တာပါ။ ရော်ဘင်ဟိုဟာ ဆန်းတို့စ်အသင်းနဲ့ နောက်ဆုံး စာချုပ်ချုပ်ခဲ့ပေမယ့် သူ့ကို ခေါ်ယူမှုကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ် ကလပ်က ရော်ဘင်ဟို အနေနဲ့ အီတလီမှာ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သီးသန့် အာရုံစိုက်နိုင်ဖို့အတွက် သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ် ကို ဆိုင်းငံ့ခဲ့ပါတယ်။

Source: BBC