၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

မြန်မာကလပ် အသင်း(၂)သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ ဟံသာဝတီယူနိုက်တက်တို့ဟာ အခုနှစ်(၂၀၂၂)မှာ ကျင်းပမယ့် အာရှပြိုင်ပွဲတွေကနေ နှုတ်ထွက်လိုက်ပြီလို့ အာရှဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်တာကြောင့် အာရှချန်ပီယံလိဂ် ပဏာမအဆင့်ကို ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး သြစတြေးလျ ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အနိုင်မရခဲ့ရင် AFC Cup ပြိုင်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC Cup ပြိုင်ပွဲရဲ့ အုပ်စု(H)မှာ ကွာလာလမ်ပူ၊ တမ်ပနီးစ်ရိုဗာ၊ PSM မကာဆာ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဟံသာဝတီ ယူနိုက်တက် အသင်းကတော့ Group (I) မှာ ဗီယက်တဲလ်၊ ဟောင်ဂန်းယူနိုက်တက်၊ ဖနွမ်းပင်ကရောင်းတို့နဲ့ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းကိုတွေ့ရစဉ်။

ဒါပေမယ့် ဒီ(၂)သင်းလုံးဟာ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်လုံးမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိတာကြောင့် အသင်းတွေဟာ လေ့ကျင့်မှု မပြုလုပ်နိုင်ဘဲ ပုံမှန်အခြေအနေမှာတောင် မရှိတော့တာ ပါ။

အဲ့ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရှမ်းယူနိုက်တက်နဲ့ ဟံသာဝတီယူနိုက်တက်တို့ဟာ အာရှပြိုင်ပွဲကနေ နှုတ် ထွက်တယ်လို့ ထုတ်ပြန်ခဲ့တာကို အာရှဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာကလပ် အသင်းတွေဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ လိဂ်အဆင့်သတ်မှတ်မှုမှာ အဆင့်ကျခဲ့တဲ့အတွက် ၂၀၂၃-၂၄ ရာသီမှာ အာရှချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်ကို ဝင်ရောက် ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ အခုနှစ် ဘောလုံးရာသီမှာ မြန်မာကလပ်တွေဟာ ပြိုင်ပွဲက နေ နှုတ်ထွက်ခဲ့တာကြောင့် လိဂ်အဆင့်သတ်မှတ်မှုမှာ ပိုမိုကျဆင်းတော့မှာလည်း ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အသင်းဟာ AFC Cup ပြိုင်ပွဲကို ၂၀၁၈ ကတည်းက စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် တစ်ကြိမ်မှ အုပ်စု အဆင့်ကနေ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့တာပါ။ ဟံသာဝတီယူနိုက်တက် အသင်းကတော့ ဒီပြိုင်ပွဲကို တစ်ကြိမ်မှ ယှဉ်ပြိုင်ရ ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဟာ အခုနှစ်မှာလည်း ကျင်းပနိုင်ဖို့ မသေချာတဲ့ အခြေအနေ မှာ ရှိနေတယ်လို့ သိရပါတယ်။