CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉

စပိန်နာမည်ကြီး ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျအိုးပန်း ဒုတိယအဆင့်ပြိုင်ပွဲမှာ ဟန်ဖ်မန်းကို လွယ် လွယ်ကူကူနဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဆီဒင် ၆ သတ်မှတ်ခံထားရတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဂျာမနီကစားသမား ဟန်ဖ်မန်းကို ၆-၂၊ ၆-၃၊ ၆-၄ နဲ့ ၃ ပွဲပြတ် အနိုင်ရခဲ့တာပါ။ စပိန်ကစားသမားဟာ တတိယအဆင့်မှာ ခါချာနောဗ့်နဲ့ ဘွန်ဇီတို့ပွဲက အနိုင်ရတဲ့ သူနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နာဒယ်လ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ၂၀၀၉ ခုနှစ်က ၁ ကြိမ်သာ ဗိုလ်စွဲထားတာပါ။

နာဒယ်လ်ဟာ ဂရမ်ဆလမ်း ချန်ပီယံဆုကို အကြိမ် ၂၀ ရယူထားတာကြောင့် ၂၁ ကြိမ်မြောက် ရယူဖို့ ပစ်မှတ်ထားနေတာ လည်း ဖြစ်ပါတယ်။ နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်က ခြေဖဝါးဒဏ်ရာကြောင့် ပြိုင်ပွဲအများအပြား မယှဉ်ပြိုင်ခဲ့ဘဲ အနားယူခဲ့ပေ မယ့် အခုနှစ်မှာတော့ သန်သန်မာမာနဲ့ ပြန်လာခဲ့တာပါ။ နာဒယ်လ်က ဒီပွဲအပြီးမှာ ဂျာမန် ကစားသမားကို ချီးကျုးသွား ခဲ့ပါ တယ်။

နာဒယ်လ်က “ကျနော် သူ့ကို မကစားခင်ကတည်းက သိပါတယ်။ သူဟာ အန္တရာယ်ပေးနိုင်တယ်ဆိုတာလည်း သိပါတယ်။ သူ ဟာ ရိုက်ချက်တွေ ကောင်းမွန်သလို၊ ကြီးကြီးမားမားလည်း စွမ်းဆောင်နိုင်ကာ အလားအလာကောင်းတွေလည်း ပိုင်ဆိုင် ထားပါတယ်။ သူ့ရဲ့ တင်းနစ် အဆင့်အတန်းဟာလည်း မြင့်မားပါတယ်”လို့ ပြောခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်နဲ့ဟန်ဖ်မန်းကိုတွေ့ရစဉ်။(Latvia On 24 News)

ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ထားလဲလို့ မေးမြန်းခဲ့ရာမှာ စပိန်ကစားသမားက “ကျနော်ဟာ ဂေါ့ဖ်ရိုက်တယ်၊ Gym သမားတော့ မဟုတ်ပါဘူး။ ကျနော်ဟာ အားကစားလုပ်ရတာကို ပိုပြီး ဝါသနာပါပါတယ်။ ကျနော်ဟာ ကိုယ်အလေးချိန် ချတာကို ဘယ်တုန်းကမှ မလုပ်ဖူးခဲ့ပေမယ့် ကျနော့် မိသားစုမှာတော့ လူအများအပြားက ကိုယ်လုံးကိုယ်ပေါက်ကြီးပါ တယ်။ ကျနော်ဟာ လုပ်နိုင်သမျှ အကုန်လုပ်ပြီး ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက် လိုက်လျောညီထွေမှု ရှိ ဖို့လည်း လိုအပ်ပါတယ်။ အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်ဖို့အတွက်လည်း အကောင်းမြင်စိတ်တွေကို အမြဲတမ်း ဆုပ်ကိုင် ထား ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ နာဒယ်လ်ဟာ ၂၀၁၂ ၊ ၂၀၁၄ ၊ ၂၀၁၇ နဲ့ ၂၀၁၉ ပြိုင်ပွဲတွေမှာလည်း ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။ သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကစားသမားတော့ ဂျိုကိုဗစ်ဖြစ်ပြီး ၉ ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ အခုတစ်ကြိမ်ပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးတာကြောင့် ဗီဇာ ရုပ်သိမ်းခံခဲ့ရပြီး ပြည်နှင်ဒဏ်ခံခဲ့ရပါတယ်။

Source: BBC