၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ (၂၀၂၁) ခုနှစ်အတွက် ချီးမြှင့်တဲ့ ဖီဖာတနှစ်တာ အကောင်းဆုံး ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီဆုကို ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီနဲ့ လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလတ်တို့ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာပါ။ လီဝန်ဒေါစကီးဟာ (၄၈)မှတ်နဲ့ ပထမ၊ မက်ဆီက(၄၄)မှတ်နဲ့ ဒုတိယ၊ ဆာလတ်က (၃၉)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကို ရယူထားတာကြောင့် (၂)နှစ်ဆက်တိုက် ဒီဆုကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ (၆၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အပြင် သူဟာ ပြက္ခဒိန်တနှစ်အတွင်း ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျာမန်ဂန္တဝင် ဂတ်မူလာရဲ့ (၄၉)နှစ်ကြာ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လီဝန်ဒေါစကီး က “ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဆုကို ဆွတ်ခူးခွင့်ရခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ အသင်းဖော်တွေနဲ့ နည်းပြတွေကြောင့်လည်း ဒီဆုကို ရရှိခဲ့တာပါ။ ကျနော်တို့ အားလုံးဟာ ပွဲတွေအနိုင်ရဖို့ ကြိုးစားခဲ့ကြပါတယ်။သူတို့နဲ့တွဲအလုပ်လုပ်ရတာက ထူးခြားကောင်းမွန်ပါတယ်။ ဂတ်မူလာရဲ့ စံချိန်ကို ချိုးဖျက်ဖို့လည်း ဘယ်တုန်းကမှ အိမ်မက်မမက်ဖူးခဲ့ပါဘူး။ (၂၉)ပွဲမှာ (၄၁)ဂိုးသွင်းနိုင်ခဲ့တာကို လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ကျနော့်ကို မေးခဲ့ရင် မဖြစ်နိုင်ဘူးလို့ပဲ ပြောမိမှာပါ။ အဲဒါကြောင့်လည်း သူ့ကို ကျေးဇူးတင် ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီ ဆုပေးပွဲမှာ အခြားဆုတွေဖြစ်တဲ့ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ပူတယ်လ်လက်စ်က ရရှိသွားခဲ့တာပါ။ ပူတယ်လ်လက်စ်ဟာ (၂၀၂၁)အတွက် ဘောလွန်းဒီအောဆုအပြင် ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံးအမျိုးသမီးကစားသမားဆုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။အကောင်းဆုံး အမျိုးသား အသင်းနည်းပြဆုကို ချယ်လ်ဆီးနည်းပြ တူချယ်လ်နဲ့ အမျိုးသမီးနည်းပြဆုကို ချယ်လ်ဆီးနည်းပြ ဟေးရတ်စ်တို့ က ရရှိခဲ့တာပါ။ အကောင်းဆုံး အမျိုးသားဂိုးသမားဆုကို ချယ်လ်ဆီးဂိုးသမား မန်ဒီ နဲ့ အမျိုးသမီးဂိုးသမားဆုကို လိုင်ယွန်ဂိုးသမား အန်ဒလာ က ရရှိခဲ့တာဖြစ်ပါတယ်။

ဒီ ဆုပေးပွဲရဲ့ အမျိုးသား အထူးဆုကို မန်ချက်စတာယူနိုက်တက် ကစားသမား ရော်နယ်ဒိုနဲ့ အမျိုးသမီး အထူးဆု ကို ကနေဒါကစားသမား ဆင်ကလဲယား က ရရှိခဲ့တာပါ။ အကောင်းဆုံး သွင်းဂိုးဖြစ်တဲ့ ပွတ်စ်ကတ်ဆုကိုတော့ လာမယ်လာရဲ့ သွင်းဂိုးက ရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်ဆုကို ဒိန်းမတ်နဲ့ ဖင်လန် ပရိသတ်တွေက ရရှိခဲ့ပြီး Fair Play ဆုကိုတော့ ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့ ဒိန်းမတ်ဆေးအဖွဲ့တို့က ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source: Daily mail