CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်း လက်ရှိချန်ပီယံဖြစ်တဲ့ ဂျပန်တင်းနစ်မယ် အိုဆာကာဟာ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပထမအဆင့်မှာ ကိုလံဘီယာ တင်းနစ်မယ် အိုဆိုရီယို ကို အနိုင်ရပြီး ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၁၃)နေရာမှာ ရပ်တည်နေတဲ့ အိုဆာကာဟာ ကမ္ဘာ့အဆင့် (၅၀) မှာ ရပ်တည်နေတဲ့ အိုဆိုရီယိုကို (၆-၃)၊(၆-၃)နဲ့ (၂)ပွဲပြတ်အနိုင်ရခဲ့တာပါ။ အသက်(၂၄)နှစ်အရွယ်ရှိ ဂျပန် တင်းနစ် မယ်ဟာ သူ့ရဲ့စိတ်ကျန်းမာရေးကို ကုသဖို့ ပြီးခဲ့တဲ့ ရာသီကုန်က (၄)လကြာ အနားယူခဲ့တာ ဖြစ်ပါတယ်။

အိုဆာကာဟာ ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ခဲ့တာပါ။ အိုဆာကာဟာ မဲလ်ဘုန်းမှာ ကစားခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ နောက်ဆုံး(၂၄)ပွဲမှာ (၂၃)ပွဲအထိ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ အိုဆာကာ က “အခြေအနေအရ ကစားရတာ အလွန်ကောင်းတယ်လို့ ထင်ပါတယ်။ ပရိသတ် အားလုံးကို ဒီမှာတွေ့ရတာ အလွန်ဝမ်းသာပါတယ်။ ဒီကိုလာတဲ့အခါတိုင်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြပါ တယ်။ ဒါဟာ ကျမအပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိတယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

အိုဆာကာဟာ သြစတြေးလျ အိုးပန်းဒုတိယအဆင့်မှာတော့ အမေရိကန်တင်းနစ်မယ် ဘရန်ဂလီနဲ့ ယှဉ်ပြိုင် ရမှာပါ။ ဘရန်ဂလီဟာ ပထမအဆင့်မှာ ယူကရိန်းတင်းနစ်မယ် ယာစတမ်စကာကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ အိုဆာကာဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ (၂၀၁၉) က တစ်ကြိမ်ဗိုလ်စွဲထားခဲ့ပါသေးတယ်။ ဂျပန်တင်းနစ်မယ် ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာလည်း ချန်ပီယံဆုနှစ်ကြိမ် ရထားတာကြောင့် သူ့ရဲ့ကစားသမားဘဝမှာ ဂရမ်းဆု ဖလားလေးကြိမ် ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အိုဆာကာဟာ ဂရမ်းဆလမ်းပြိုင်ပွဲနှစ်ခုဖြစ်တဲ့ ပြင်သစ်နဲ့ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာတော့ တတိယအဆင့်သာ အမြင့်ဆုံးတက်နိုင်ခဲ့တာပါ။

အမေရိကန်ဆယ်ကျော်သက် တင်းနစ်မယ် ကိုကိုဂတ်ဖ်ကတော့ အသက်(၁၇)နှစ်အရွယ်ရှိ တရုတ်တင်းနစ်မယ် ဝမ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ကိုကိုဂတ်ဖ်ဟာ ဝမ် ကို (၆-၄)၊(၆-၂)နဲ့ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု နှစ်ကြိမ်ရခဲ့ဖူးတဲ့ အဇာရန်ကာကလည်း အက်ဒ်ဗာဒီ ကို (၆၅)မိနစ်ကြာ ကစားပြီး (၆-၃)၊(၆-၁) နဲ့ အနိုင်ရကာ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Source: BBC