၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇
မြန်မာ့လက်ရွေးစင် တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ အောင်သူဟာ ချင်းမိုင်နဲ့ကစားခဲ့တဲ့ ထိုင်းလိဂ်ဝမ်း ပွဲစဉ်မှာ ဘူရီယမ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘူရီယမ်အသင်းဟာ ချင်းမိုင်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အောင်သူဟာ ချင်းမိုင်နဲ့ပွဲမှာ ဘူရီယမ်အသင်းအတွက် ဒုတိယပိုင်းအစမှာပဲ လူစားဝင်ကစားခဲ့တာပါ။ ပထမပိုင်းမှာ ဂိုးမရှိ သရေ ကျနေခဲ့တာဖြစ်ပြီး အောင်သူဝင်လာပြီးနောက်မှာ ဘူရီယမ်အသင်းရဲ့ကစားပုံဟာ ပိုမိုကောင်းမွန်လာခဲ့ကာ ဂိုး ပြတ်နိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ကစားသမားဟာ ပွဲချိန်(၆၇)မိနစ်မှာ သီယာသွန် တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုး ဧရိယာ ထဲမှာ အသင့်ရှိနေတဲ့ တိုက်စစ်မှူး ဆူဖန်နတ်ထံ ခေါင်းတိုက်ချပေးခဲ့ရာမှာ အဆိုပါ တိုက်စစ်မှူးက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အောင်သူဟာ ဒီပွဲမှာ ခြေစွမ်းပြပြီး ဂိုးဖန်တီးခဲ့တာကြောင့် ဘူရီယမ်အသင်းရဲ့ လာမယ့်ပွဲတွေမှာ ပွဲကစားခွင့် ပိုမိုရရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ အောင်သူဟာ ချင်းမိုင်နဲ့ပွဲမတိုင်ခင် ကြားရက်က ကစားခဲ့တဲ့ ရာယန်း FC နဲ့ လိဂ်ဖလားပွဲမှာတော့ အသင်းလူစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။
အောင်သူဟာ (၂၀၂၀) ဒီဇင်ဘာက မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းကနေ ဘူရီယမ်အသင်းကို အမေရိကန်ဒေါ်လာ(၅)သောင်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပါ။ မြန်မာ့လက်ရွေးစင် ကစား သမားဟာ ဘူရီယမ်မှာပဲ ဆက်ရှိချင်တယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့တာဖြစ်ပါတယ်။ အောင်သူဟာ ဘူရီယမ်အသင်းအတွက် ပွဲ(၂၀) ကစားထားပြီး (၄)ဂိုး သွင်းယူထားတာပါ။
အောင်သူဟာ ဘူရီယမ်အသင်းမတိုင်ခင် ထိုင်းကလပ်တွေဖြစ်တဲ့ Police Tero အသင်းနဲ့ မြောင်တောင် အသင်း တွေမှာ အငှားလာရောက်ကစားခဲ့တာလည်းဖြစ်ပါတယ်။ ဘူရီယမ်အသင်းဟာ လက်ရှိ ထိုင်းလိဂ်ဝမ်းပွဲစဉ်(၁၆)ပွဲ ကစားအပြီးမှာ ရမှတ်(၃၅)မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒုတိယနေရာက ဘန်ကောက် အသင်း ကို (၂)မှတ်ဖြတ်ထားတာပါ။ ဘူရီယမ်အသင်းဟာ ဇန်နဝါရီ(၁၉) မှာတော့ ထိုင်းအက်ဖ်အေဖလားပွဲစဉ်အဖြစ် ချင်းရိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။