၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇
ရီးရယ်လ် အသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘီလ်ဘာအို အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရယ်လ် အသင်းဟာ ဘီလ်ဘာအို အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ်အတွက် ဂိုး တွေကို မိုဒရစ်နဲ့ဘန်ဇီမာတို့က သွင်းယူခဲ့တာပါ။ ရီးရယ်လ် အသင်းဟာ စပိန်စူပါဖလားချန်ပီယံဆုကို (၁၂) ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးခါနီးမှာ ဘီလ်ဘာအို အသင်း ကစားသမားသွင်းယူတဲ့ ဘောလုံးကို လက်နဲ့တားခဲ့သလို ဖြစ်ခဲ့လို့ ရီးရယ်လ် နောက်ခံလူ မီလီတာအို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပါ သတ်မှတ်ပေးခဲ့ပြီး ရာအူးလ်ဂါစီယာ ကန်သွင်းခဲ့တာကို ရီးရယ်လ် ဂိုးသမား ကော့တွိုက်စ် ကာကွယ်သွားနိုင် ခဲ့ပါတယ်။ အဲဒါကြောင့် ပွဲအပြီးမှာ ရီးရယ်လ် အသင်းက ဘီလ်ဘာအို အသင်းကို အနိုင်ရပြီး စပိန်စူပါဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ မိုဒရစ် က ရရှိသွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ ခေတ်အတွင်းမှာ ဘောလွန်းဒီအောဆုကို ရယူနိုင်တဲ့ တဦးတည်းသော ကစားသမား ဖြစ်ခဲ့တဲ့ မိုဒရစ်နဲ့ ရီးရယ်လ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ခရိုအေးရှား အသင်းခေါင်းဆောင် မိုဒရစ်ကတော့ ရီးရယ်လ် အသင်းမှာ ဆက်နေချင်တဲ့ သူ့ရဲ့ဆန္ဒကို ဒီပွဲအပြီးမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောသွားခဲ့တာပါ။ " ရီးရယ်လ် ကစားသမားဖြစ်ရတာထက် ကျနော့်အတွက် ပိုကောင်းတာ ဘာမှ မရှိပါဘူး။ အခုအချိန်မှာတော့ သက်တမ်းတိုးဖို့ မစဉ်းစားသေးပါဘူး။ ကျနော် လိုချင်တဲ့အရာကို ကလပ်က သိပါတယ်။ မကြာခင်အချိန်မှာ သဘောတူညီမှုတခုကို ကျနော်တို့ အကောင် အထည်ဖော်နိုင်မှာ သေချာပါ တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
(၂၀၁၂) က စပါး အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ် အသင်းအတွက် (၄၁၃) ပွဲ ပါဝင်ကစား ထားပြီး (၂၉)ဂိုး သွင်းယူထားတာပါ။ မိုဒရစ်ဟာ ရီးရယ်လ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊ လာလီဂါ ဖလား(၂) ကြိမ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို (၃)ကြိမ်စီ ရယူထားတာဖြစ်ပါတယ်။
ရီးရယ်လ် အသင်းဟာ ဒီရာသီနည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ အကောင်းဆုံးပုံစံ ပြသနေတာဖြစ်ပြီး လာလီဂါ ပြိုင်ပွဲမှာလည်း ဒုတိယနေရာက ဆီဗီလာ အသင်းကို (၅)မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ မှာ ရပ်တည်နေတာပါ။ စပိန်ကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၁၆)သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ကာ ပီအက်စ်ဂျီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail,metro