CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ကွင်းလယ်လူ ဆိုဘို့ဆလိုင်းက သူတို့အနေနဲ့ စိတ်ပျက်စရာပုံစံတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ 

ဆိုဘို့ဆလိုင်းက “ကျနော်တို့ဟာ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တာကြောင့် နိုးထလာရပါမယ်။ ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာကို ရိုးရိုးသားသားပြောရရင် ကျနော် မသိပါဘူး။ ပထမပိုင်းမှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒီလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ အတူတူထိုင်ပြီး ဆွေးနွေးကြမှာဖြစ်သလို အတူလက်တွဲ လုပ်ဆောင်သွားရမယ်”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ဆိုဘို့ဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ် သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ မှာ ရစ်ချာလီဆန်က စပါးအသင်းအတွက် ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ စိတ်ပျက်စရာ ရလဒ်နဲ့အတူ အဆင့် ၄ နေရာကို တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ 

ဆိုဘို့ဆလိုင်းကို တွေ့ရစဉ်

လီဗာပူးလ်အသင်း ကစားသမားတွေဟာ ပွဲအပြီးမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာပါ။ 

ဆိုဘို့ဆလိုင်းက သူဟာ လှောင်ပြောင်မှုတွေကို မကြားခဲ့ရပေမယ့် ဒါကိုနားလည်သလို ခက်ခဲနေတဲ့အချိန်မှာ အသင်းပရိသတ်တွေ အနေနဲ့ သူတို့ကို အားပေးဖို့ ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ ကစားအပြီးမှာ ရမှတ် ၄၉ မှတ်နဲ့အဆင့် ၅ နေရာ ရပ်တည်နေကာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်ပြီး လာမယ့်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသဖို့က သူတို့အပေါ်မှာ မူတည်သွားပြီလို့ ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲ ကစားဖို့ရှိနေပြီး ပထမအကျော့မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ 

Source: ESPN