CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

နယူးကာဆယ်အသင်းဟာ အသလက်တီကိုအသင်း နောက်ခံလူ ထရစ်ပီယာကို ပေါင် ၁၂ သန်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုလိုက် တယ်လို့ ဘီဘီစီ သတင်းက ဖော်ပြလိုက်ပါတယ်။

အသက်(၃၁)နှစ်အရွယ် နောက်ခံလူဟာ ဆော်ဒီပိုင်ရှင်အသစ် လက်ထက်မှာ ပထမဆုံးခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်လာ ခဲ့တာပါ။ ဒီကောင်းမွန်တဲ့ ကလပ်အသင်းကို ပြောင်းခွင့်ရလို့ ဝမ်းသာမိတယ်လို့ ထရစ်ပီယာက ပြောခဲ့ပါတယ်။ နယူးကာဆယ် အသင်းနည်းပြ အက်ဒီဟိုဝီဟာ ဘန်လေအသင်းအား ကိုင်တွယ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ထရစ်ပီယာကို ခေါ်ယူခဲ့ပါတယ်။ အခု နယူးကာဆယ်ကို အက်ဒီဟိုဝီ ကိုင်တွယ်နေတဲ့အချိန်မှာ ထပ်မံခေါ်ယူခဲ့တာပါ။

ထရစ်ပီယာက “ကျနော် မက်ဒရစ်မှာ ရှိခဲ့တဲ့ အချိန်တွေကို အလွန်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် နယူးကာဆယ် အသင်းရဲ့ စိတ် ဝင်စားမှုကို သိခဲ့ပြီး အက်ဒီဟိုဝီနဲ့လည်း အရင်က လက်တွဲခဲ့ဖူးတာကြောင့် ဒီနေရာဟာ ကျနော် သွားချင်တဲ့ နေရာဆိုတာကို သိလာခဲ့ပါတယ်။ ကျနော်တို့ အရှေ့မှာ လုပ်စရာတွေ အများကြီး ရှိတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုချက်တွေကိုလည်း ကောင်းကောင်းသိပါတယ်။ ဒီအသင်းဟာ အလွန်ထူးချွန်တဲ့ ကစားသမားတွေနဲ့ အံသြစရာ ကောင်းတဲ့ ကလပ်အသင်းပါ”လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်က စပါးအသင်းကနေ အသလက်တီကို အသင်းထံ ရောက်ရှိခဲ့တဲ့ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ရာသီက စပိန်ကလပ်နဲ့ လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့ ၁၈ လစာချုပ် ကျန်ရှိနေပေမယ့် နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ ခဲ့တာပါ။

ပုံ-ထရစ်ပီယာကိုတွေ့ရစဉ်။ (The Sun)

ထရစ်ပီယာက “အသင်းအတွက် ပွဲကစားခွင့်ရဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်ခဲ့ပြီး နယူးကာဆယ်အသင်း ကစားသမားအဖြစ် စိန့်ဂျိမ်းစ်ပါ့ခတ်မှာ ပွဲထွက်ခွင့်ရဖို့ စိတ်လှုပ်ရှားမိတယ်” လို့ ပြောပါတယ်။

ထရစ်ပီယာဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့တဲ့ စပါးအသင်းမှာ ပါဝင်ခဲ့ပြီး ပေါင်သန်း ၂၀ နဲ့ အသလက်တီကို အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ၈၃ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ထရစ်ပီယာဟာ ၂၀၁၇ ခုနှစ်က အင်္ဂလန်လက်ရွေးစင်အတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိဗိုလ်လုပွဲနဲ့ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ အသင်းလူစာရင်း မှာ ပါဝင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်းဆင်းဇုန် အဆင့်(၁၉)နေရာမှာ ရပ်တည် နေပြီး နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ ဖြစ်ပါတယ်။

နယူးကာဆယ် အသင်း ဒီတပတ်စနေနေ့မှာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ကန်းဘရစ်ချ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: BBC