CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာမယ့်သူအပေါ် မူတည်ပြီး အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။
Daily Star ကတော့ ဘောလွန်းဒီအော(၅)ကြိမ်ရ ကစားသမားဟာ သူ့ရဲ့ အနာဂတ်ကို အလေးအနက်ထား စဉ်းစားနေတယ်လို့ ဖော်ပြခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ဂျာမန်လူမျိုးနည်းပြ ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် အခုရာသီအကုန်ထိ ခန့်အပ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ရာသီကုန်မှာ ခန့်အပ်မယ့် နည်းပြအခြေအနေကို စောင့်ကြည့်နေပြီး သူနှစ်သက်တဲ့ နည်းပြမခန့်အပ်ဘူးဆိုရင်တော့ အသင်းက ထွက်ခွာမယ့် ဆုံးဖြတ် ချက်ကို ချနိုင်တာပါ။ လက်ရှိ နည်းပြဖြစ်တဲ့ ရက်ဂ်နစ်လက်ထက်မှာ မန်ချက်စတာယူနိုက်တက် ကစားသမား(၁၇)ဦးဟာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်း တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း ဂျာမန်လူမျိုးနည်းပြလက်အောက်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။
ဒေးလီးစတားက ဖော်ပြခဲ့တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး “ရော်နယ်ဒိုက ဒီထက်ပိုကောင်းမယ်လို့ ထင်ခဲ့တာပါ။ သူဟာ မွေးရာပါအောင်နိုင်သူဖြစ်သလို ဆုဖလားတွေလည်း အများအပြားရယူချင်တဲ့သူပါ။ ဒါကြောင့် နောက် နည်းပြ ဘယ်သူဖြစ်လာမလဲဆိုတာက သူနောက်ထပ်ပြောင်းရွှေ့မယ့်် နေရာကို ဆုံးဖြတ်ပေးမှာပါ”လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းသား တွေဟာ စည်းလုံးမှုမရှိတော့သလို အဝတ်လဲခန်းကလည်း ပြိုကွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၇)နေရာ ရောက်နေပြီး အဆင့် (၄)နေရာက အာဆင်နယ်အသင်းနဲ့ (၄)မှတ် ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်ရတဲ့ အခြေ အနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ လက်ရှိခြေစွမ်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရ ပေမယ့် အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် (၂၁)ပွဲကစားထားပြီး (၁၄)ဂိုး သွင်းယူထားတာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အမြဲတမ်းနည်းပြအဖြစ် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ်နဲ့ လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာတို့ (၃)ဦးထဲက (၁)ဦးကို ခန့်အပ်ဖွယ်ရှိနေပြီး အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ်က နည်းပြသစ်ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါ တယ်။
Source:Sportskeeda