CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြတူချယ်လ်က သူ့ရဲ့ လူစာရင်းကို မရွေးချယ်မီ နောက်ဆုံး ၂ ပွဲအဖြစ် မတ်လထဲမှာ ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ဝင်ဘာလေမှာ ခြေစမ်းပွဲယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ မတ်လ ၂၇ ရက်မှာ ဥရုဂွေး၊ ၃၁ ရက်မှာ ဂျပန်အသင်းတို့နဲ့ ကစားမှာဖြစ်ပြီး နည်းပြ တူချယ်လ်က သူ့ရဲ့ လူစာရင်းကို မေလထဲ ကြေညာဖို့ စီစဉ်ထားပါတယ်။
ဥရုဂွေးက ကမ္ဘာ့အဆင့် ၁၆ ၊ ဂျပန်အသင်းက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ၂ နိုင်ငံစလုံးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ကမ္ဘာ့အဆင့် ထိပ်ဆုံး ၂၀ ထဲမှာ ပါဝင်တဲ့ အသင်း ၂ သင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ ရည်မှန်းထားတဲ့ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲမတိုင်မီ အမေရိက မှာ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့လည်း မျှော်လင့်ထားပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့ အုပ်စု L မှာ ကျရောက် နေပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က သူတို့ဟာ ခက်ခဲတဲ့ အုပ်စုထဲမှာ ကျရောက်နေပေမယ့် အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း မဲခွဲအပြီးမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အုပ်စုတွင်း ရာနှုန်းပြည့် အနိုင်၊ ပေးဂိုးမပေးရဘဲ ခြေစစ်ပွဲအောင် မြင်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ၁ ကြိမ်ဖြစ်ပြီးနောက် အောင်မြင်မှုနဲ့ ဝေးကွာနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရခဲ့တာက သူတို့အတွက် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
Source: BBC
