၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

အိန္ဒိယနိုင်ငံမှာ ပေါ်တူဂီဘောလုံးကြယ်ပွင့် ရော်နယ်ဒိုရဲ့ ရုပ်တုအသစ်ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် သဘော ထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုရုပ်တုကို  ဘောလုံးပွဲကို အလွန်ကြိုက်နှစ်သက်တဲ့ အနောက်ပိုင်း ဂိုအာပြည်နယ်မှာ ထားရှိတာဖြစ်ပြီး တာဝန်ရှိသူတွေက လူငယ်တွေကို လှုံဆော်ပေးနိုင်မယ်လို့ မျှော်လင့်နေတာပါ။ ဂိုအာဟာ ပေါ်တူဂီရဲ့ ကိုလိုနီဟောင်းဖြစ်ပြီး ပေါ်တူဂီလက်အောက်ကနေ လွတ်မြောက်လာခဲ့တာဟာ နှစ်ပေါင်း ၆၀ ရှိပြီလည်း ဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ အရင်ကနဲ့ အခုလက်ရှိ လက်ရွေးစင်ကစားသမားတွေဟာ ဂိုအာက ဖြစ်တဲ့အတွက် ပြည်တွင်းဘောလုံးသမားတွေကိုပဲ ဂုဏ်ပြုသင့်တယ်လို့ ပြောနေကြတာပါ။

“ရော်နယ်ဒိုရဲ့ ရုပ်တုကို စိုက်ထူထားတယ်ဆိုတာကို ကြားရတာဟာ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဆာမီးနိတ်ခ်နဲ့ ဘရူနိုကော်တင်ညိုတို့လို ကျနော်တို့ရဲ့ အိုင်ကွန်တွေကို ဂုဏ်ယူတတ်ဖို့ သင်ယူပါလို့” ဂိုအာ ဒေသခံ က IANS သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ဒီရုပ်တု ဖွင့်ပွဲပြုလုပ်ချိန်မှာလည်း လူအချို့က အနက်ရောင်အလံ တွေကို ဝှေ့ယမ်းကာ ဆန္ဒပြခဲ့ကြတယ်လို့လည်း Times of India သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအသင်းဟာ ဂိုအာမှာ လူကြိုက်များတဲ့ အသင်းတစ်သင်းဖြစ်ကာ အတိတ်ကဖြစ်ခဲ့တဲ့ ကိုလိုနီ ဖြစ်စဉ်တွေကြောင့် ဒေသခံ အများအပြားဟာလည်း ပေါ်တူဂီမှာ နေထိုင်ခဲ့ကြခြင်း ဒါမှမဟုတ် မိသားစုများ ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအုပ်ချုပ်ရေးကနေ  လွတ်မြောက်ပြီး  ဂိုအာရဲ့ နှစ်(၆၀)ပြည့် အခမ်းအနားမှာ ဒီ ရုပ်တုကို ပြသခဲ့တာဟာ သူတို့ကို စော်ကားတာဖြစ်တယ်လို့ အိန္ဒိယပြည်နယ်ရှိ လူတချို့က ယူဆနေကြတာလည်း ဖြစ်ပါတယ်။

 

BJP ပါတီမှ ဒေသဆိုင်ရာ ဉပဒေပြုအမတ်ဖြစ်တဲ့ မိုက်ကယ်လိုဘို က “ကျနော်တို့ရဲ့ လူငယ်တွေ တောင်းဆိုမှုအရ သူတို့တွေအနေနဲ့ ဘောလုံးကို ပိုမိုမြင့်မားအောင် ပြုလုပ်နိုင်ဖို့ လှုံဆော်တဲ့အနေနဲ့ ဒီ ရုပ်တုကို စိုက်ထူထားတာပါ” လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားတာပါ။

အိန္ဒိယမှာ ခရစ်ကတ်ကစားနည်းဟာ လူကြိုက်အများဆုံး အားကစားဖြစ်ပေမယ့် ဘောလုံးအားကစား အထူး သဖြင့် ပရီးမီးယားလိဂ်ကိုတော့ နိုင်ငံအတွင်းမှာ လူကြိုက်များတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ အချိန် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိထားကာ ဘောလုံးသမိုင်းရဲ့ အကြီးအကျယ်ဆုံး ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတာ လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဒီ ရုပ်တုနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးတာမျိုးတော့ မရှိဘူး လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source BBC