၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ထိုင်းအသင်းနည်းပြ ပိုလ်ကင်းက အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဆုဖလားကို ထိုင်းနိုင်ငံကို ပြန်ယူဖို့က သူတို့ရဲ့ လက်ထဲမှာရှိနေပြီလို့ ပြောလိုက်ပါတယ်။

ထိုင်းအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့အဖြစ် အင်ဒိုနီးရှား အသင်းနဲ့ ဒီဇင်ဘာ ၂၉ ရက်က ကစားခဲ့ရာမှာ (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအသင်းအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် ချာနာသစ်က ၂ ဂိုး၊ ဆူပါချော့ခ်နဲ့ ဘော်ဒင်ပါလာတို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။ ပွဲကစားချန် စက္ကန့် ၉၀ နဲ့ ဂိုးသွင်း ယူနိုင်ခဲ့တဲ့ ချာနာသစ်ရဲ့ သွင်းဂိုးဟာ ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ သမိုင်းမှာ အမြန်ဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ချန်ပီယံဆုကို (၆)ကြိမ် ရယူထားတဲ့ ထိုင်းအသင်းဟာ ၂၀၁၈ ခုနှစ်က ပြိုင်ပွဲမှာ ဗီယက်နမ်အသင်းကို ချန်ပီယံဆုဖလားပေးခဲ့ရလို့ ဒီတစ်ကြိမ်မှာ အရယူနိုင်ဖို့ အဓိက ကစားသမားတွေကို လူစာရင်း ထဲမှာ ရွေးချယ်ခဲ့တာပါ။

ထိုင်းအသင်းဟာ ပထမအကျော့မှာ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့ကစားဖို့ ကျန်ရှိနေပေမယ့် ချန်ပီယံဆုကို ရယူနိုင်ဖို့ သေချာသလောက် ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပုံ-အင်ဒိုနီးရှားနည်းပြ ရှင်တေယောင်းကိုတွေ့ရစဉ်။(Newsdirectory)

ပိုလ်ကင်းက “အခု ကျနော်တို့မှာ ကြီးမားတဲ့ အားသာချက် ရှိသွားပါပြီ။ ပါတီပွဲကြီးကို အကြီးအကျယ် မကျင်းပသင့်သေး ပေမယ့် ဆုဖလားကို ထိုင်းနိုင်ငံ ပြန်ယူနိုင်ဖို့က အခုအချိန် ကျနော်တို့ရဲ့ လက်ထဲမှာ ရှိနေပါပြီ။ ဒါက ကောင်းမွန်တဲ့ စွမ်း ဆောင်ရည်ဖြစ်ပြီး မယုံနိုင်လောက်အောင် ကောင်းတဲ့ ပွဲအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ တကယ်တော့ ဒါဟာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ မူတည်တာ”လို့ ပြောခဲ့ပါ တယ်။

အင်ဒိုနီးရှား အသင်းနည်းပြ ရှင်တေယောင်းကတော့ ဆုဖလားရဖို့ မဖြစ်နိုင်ပေမယ့် လက်မလျှော့ဘဲ ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့ ပြောခဲ့တာပါ။

ရှင်တေယောင်းက “ဒီရှုံးနိမ့်မှုကို ကျနော်လက်ခံပြီး ဒုတိယအကျော့မှာ ထိုင်းကို အနိုင်ယူပြီး ပြန်လာဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျနော်သိပါတယ်။ အထူးသဖြင့် ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ပုံစံလိုမျိုး ဆိုရင်ပေါ့။ ဒါပေမယ့် ဘောလုံးက လုံးဝိုင်းနေ ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။ ဆက်ပြီး တိုက်ပွဲဝင်သွားဦးမှာပါ။ ဒီပွဲမှာ မှားယွင်းခဲ့တာတွေ ကို အရမ်းကြီး အာရုံစိုက် နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားတွေကို ဆက်အားပေးနိုင်ဖို့အတွက် ကျနော်တို့ ကောင်း မွန်စွာ လုပ်ခဲ့တာတွေကို ပဲ အာရုံစိုက်သွားမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ရဲ့ ဆူဇူကီးဖလား ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် စင်ကာပူမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: AFF SUZUKI CUP