CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ချယ်လ်ဆီးအသင်း စိန်ခေါ်နိုင်မယ်လို့ထင်ရင် ဒါဟာ မိုက်မဲတာပဲလို့ တူချယ်လ်က ပြောလိုက်ပါတယ်။

ဂျာမန်လူမျိုး ချယ်လ်ဆီးနည်းပြက အသင်းမှာ ဒဏ်ရာရ ကစားသမားတွေနဲ့ ဖျားနာနေတဲ့သူတွေ အများကြီး ရှိနေတယ် လို့လည်း ပြောခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဘရိုက်တန် အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ နောက်ခံ လူတွေဖြစ်တဲ့ ရီစီဂျိမ်းစ်နဲ့ ခရစ်တန်ဆန်တို့လည်း ဒဏ်ရာရခဲ့ပြီး အသင်းရဲ့ ဒဏ်ရာရ စာရင်းထဲမှာ ပါဝင်သွားခဲ့တာ ဖြစ်ပါ တယ်။

ချယ်လ်ဆီး အသင်းဟာ ဒီပွဲရလဒ်ကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၈)မှတ် ကွာဟသွားခဲ့တာပါ။

ဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီလားလို့ မေးမြန်းခဲ့ရာမှာ တူချယ်လ်က “ကျနော် တို့မှာ ကိုဗစ် အခြေအနေ (၇)ခုအထိ ရှိနေပါတယ်။ ကျနော်တို့ဟာ ကစားသမား (၅)ဦး ဒါမှမဟုတ် (၆)ဉီးကို ခြောက်ပတ် ဒါမှမဟုတ် ဒီထက်ပိုပြီး လက်လွတ်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ချန်ပီယံဆုကို ဘယ်လို ယှဉ်ပြိုင်ရမှာလဲ၊ လူစာရင်း အပြည့်ရှိတဲ့သူတွေ၊ လေ့ကျင့်ရေးကွင်းမှာ လူတိုင်းက ဒီလိဂ်ကို ဖြတ်ကျော်ဖို့ ပါဝါ အပြည့်ရှိပါတယ်။ ကိုဗစ် အခြေအနေတွေ၊ ဒဏ်ရာတွေနဲ့ ကျနော်တို့ ဒါကို လုပ်နိုင်တယ်လို့ထင်ရင် ကျနော်တို့ မိုက်မဲတာပဲ”လို့ ပြောခဲ့တာပါ။

ပုံ-နည်းပြ တူချယ်လ်နဲ့ ဒဏ်ရာရကစားသမား၊ ဆေးအဖွဲ့ကိုတွေ့ရစဉ်။(Daily Mail)

ချယ်လ်ဆီး အသင်းဟာ နိုဝင်ဘာ ၂၀ ရက်က လက်စတာအသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၄ မှတ် အသာနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကစား သမားတွေရဲ့ ဒဏ်ရာ၊ ကိုဗစ် အခြေအနေတွေကြောင့် ရမှတ်တွေ လျော့ခဲ့တာပါ။

အသင်း တစ်သင်းချင်းစီရဲ့ မတူညီတဲ့ ကိုဗစ် အခြေအနေတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာကျဆင်းခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ တူချယ်လ်က “ဒါက အဖြစ်မှန်ပါပဲ။ ဒါက ကျနော်တို့ ရောက်နေတဲ့ နေရာဖြစ်ပြီး ခင်ဗျားတို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ တောင်းဆိုချက်တွေကို လိုက်လျောညီထွေရှိနေဖို့ လိုအပ်ပါတယ်။ အိမ်ကွင်းမှာ ဘရိုက် တန်အသင်းကို အနိုင်ရဖို့ ကျနော်တို့ အလွန်ကြိုးစားခဲ့ပါတယ်။ ကြံခိုင်မှု၊ ပြင်းထန်မှု ဒါမှမဟုတ် မိနစ်ပိုင်းတွေမှာ ကစားသမား တွေ ဆီကနေ ဘာတွေ မျှော်လင့်လို့ရလဲဆိုတာကို ကျနော်မသိပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ချယ်လ် ဆီး အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ရီစီဂျိမ်းစ်နဲ့ ခရစ်တန်ဆန်တို့ဟာ ဒီပွဲမှာ ဒဏ်ရာတွေ ရခဲ့တာကြောင့် လောဖ့်တပ်ချ်၊ သီယာဂိုဆေးလ်ဗား၊ ဘန်ချီဝဲလ်တို့နဲ့အတူ ဒဏ်ရာရစာရင်းထဲမှာ ပူးပေါင်းခဲ့တာပါ။

ဒါ့အပြင် တိုက်စစ်မှူး တီမိုဝါနာကလည်း ကိုဗစ်ကြောင့် အခုအချိန်ထိ မကစားနိုင်သေးသလို ကန်တီကလည်း ဗီလာကို အနိုင် ရတဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ တနင်္ဂနွေမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဆင့် ၃ နေရာက လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC