CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ဘရာဇီးလ်နဲ့ ရီးရယ်လ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ဘရာဇီးလ် ဒုတိယတန်းမှာ ကစားနေတဲ့ အသင်းဟောင်း ခရူဇီယိုအသင်းကို ဝယ်ယူလိုက်ပြီလို့ ကစားသမားနဲ့ကလပ်က စနေနေ့က ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဆယ်ကျော်သက်အရွယ်ကစားသမားဘဝ(၁၉၉၃-၉၄)ရာသီက ခရူဇီယိုအသင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ရော်နယ်ဒိုဟာ ဥရောပကို ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဘရာဇီးလ်ရင်းနှီးမြုပ်နှံမှုဘဏ် XP ရဲ့ အကူအညီနဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရယူနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာပါ။

ဒီ အရောင်းအဝယ်ဟာ ရော်နယ်ဒိုရဲ့ Tara Sports ကုမ္ပဏီကနေတဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး (၄၅)နှစ်အရွယ်ရှိ ဂန္တဝင်ကစားသမားကြီးဟာ ခရုဇီယိုအသင်းကို ဒေါ်လာသန်း(၇၀)ရင်းနှီးမြုပ်နှံထားတာဖြစ်တယ်လို့ သိရပါတယ်။ ခရူဇီယိုအသင်းဟာ ဘရာဇီးလ် ဒုတိယတန်းမှာ (၂)နှစ်ကြာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ခရူဇီယို အသင်းဥက္ကဋ္ဌ တင်ထားတဲ့ ဗီဒီယိုမှာ ရော်နယ်ဒို က “ဒီ အရောင်းအဝယ်ကို ပြီးအောင်လုပ်နိုင်ခဲ့လို့ အလွန်ပျော်ပါတယ်။ ခရူဇီယို ကို သူတို့နဲ့ထိုက်တန်တဲ့နေရာကို ပြန်ရောက်အောင် ခေါ်သွားချင်တယ်”လို့ ပြောခဲ့တာပါ။

ဒါ့အပြင် ရော်နယ်ဒို က “ကျနော်တို့မှာ လုပ်စရာအလုပ်တွေအများကြီးကျန်ရှိနေပါသေးတယ်။ အောင်ပွဲခံစရာ ဘာမှမရှိသေးပေမယ့် ကျနော်တို့ဟာ အလုပ်ကြိုးစားမှုနဲ့ ခရူဇီယိုကို ပြန်ပြီးကြီးကျယ်ခမ်းနားစေမယ့် ရည်မှန်းချက်ထားရှိထားတယ်လို့” ပြောခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ခရူဇီယိုအသင်းကနေ ထွက်ခွာပြီး နောက် ပီအက်စ်ဗီ၊ အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးရယ်လ်နဲ့ ကိုရင်သီယန် အသင်းတွေမှာ ကစားကာ အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ၂၀၁၈ ကလည်း စပိန်ကလပ် ဗယ်လာဒိုးလစ်အသင်းရဲ့ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို ဝယ်ယူ ထားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုနဲ့ခရူဇီယို အသင်းတို့ကတော့ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကို အခုအချိန်ထိ ထုတ်ပြန်ရခြင်း မရှိသေးတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့တွစ်တာအကောင့်မှာ ခရူဇီယို အသင်းရဲ့ လာဘ်ကောင်ကို တင်ထားခဲ့တာဖြစ်ပြီး ကလပ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီရောင်းဝယ်မှု ကို အတည်ပြုထားတာပါ။ ဘရာဇီးလ် ကွန်ဂရက်က ဘောလုံးအသင်းတွေကို သမိုင်းကြောင်းအရ ပရိသတ် ပိုင်ဆိုင်ပြီး ပြင်ပရင်းနှီးမြုပ်နှံသူတွေကို စီးပွားရေးအဖြစ် လုပ်ကိုင်ခွင့်ပေးတဲ့ ဥပဒေတရပ်ကို ခွင့်ပြုပေးခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ဒီသဘောတူညီမှုဟာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။