၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

နယူးဇီလန် ဟဲဗီးဝိတ်အကျော်အမော် ဂျိုးဆက်ပါကားဟာ မန်ချက်စတာက AO Arena မှာ ထိုးသတ်တဲ့ပွဲမှာ ဗြိတိန် ဟဲဗီးဝိတ် သမား ချီဆိုရာကို အမှတ်နဲ့အနိုင်ရပြီး WBO ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်း သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ မေလက ပထမဆုံးအကြိမ် ထိုးသတ်ခဲ့ပြီး အဲ့ဒီတုန်းကလည်း ဂျိုးဆက်ပါကားကပဲ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာလည်း ဂျိုးဆက်ပါကားက ချီဆိုရာကို အသာစီး ထိုးသတ်နိုင်ခဲ့တာဖြစ်ပြီး ဗြိတိန် ကစားသမားကို နံပတ်စဉ် အကြိမ်ကြိမ် ရေတွက်အောင် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချီဆိုရာဟာ အိမ်ကွင်းမှာ ထိုးသတ်တာဖြစ်တဲ့ စိတ်ဓာတ် မာကျောမှုနဲ့ လဲကျတာကနေ အကြိမ်ကြိမ် ပြန်ထနိုင်ခဲ့ တာပါ။ ချီဆိုရာဟာ နောက်ဆုံး အချီဖြစ်တဲ့ ၁၂ ချီအထိ ရောက်ရှိအောင် သွားနိုင်ခဲ့ပေမယ့် ဂျိုးဆက်ပါကားက ၁၁၅-၁၁၀၊ ၁၁၅-၁၁၁ နဲ့ ၁၁၄-၁၁၂ တို့နဲ့ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၉)နှစ်အရွယ်ရှိ ဂျိုးဆက်ပါကား အတွက်တော့ ကမ္ဘာ့အဆင့် ချန်ပီယံပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေ တာကြောင့် ဒါဟာ သူ့အတွက်တော့ ကြီးမားတဲ့ နိုင်ပွဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပုံ- ဂျိုးဆက်ပါကားနဲ့ ချီဆိုရာထိုးသတ်နေစဉ်။(The Independent)

အသက်(၃၇)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ချီဆိုရာအတွက်တော့ သူသွားမယ့် လမ်းကြောင်းကို မြင်တွေ့ရဖို့ဆိုတာ အလွန်ခဲယဉ်းသွား ခဲ့ပြီး ကစားသမားဘဝ ပွဲပေါင်း ၄၄ ပွဲမှာ ၁၂ ပွဲမြောက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာပါ။

ဂျိုးဆက်ပါကားက “ဒါရတ်ခ်ဟာ အမြဲတမ်း တိုက်ပွဲတိုက်ဖို့ လာခဲ့ပြီး၊ သူနဲ့ ထိုးသတ်ရတာ ခက်ခဲပါတယ်။ သူဟာ အဆုံးထိ ရှေ့ကို ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ အပေါ်ပိုင်းကို ဖြတ်နိုင်ဖို့ လေ့ကျင့်ခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ ခရစ္စမတ်လက်ဆောင်ပါပဲ။ ကျနော်အများကြီး ပိုပြီးသန်မာလာတယ်လို့ ခံစားရပါတယ်။ တိုးတက်မှုတွေ ရှိလာတာကို မြင်တွေ့နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုးဆက်ပါကားက ထပ်ပြီး “ဒါရတ်ခ်ချီဆိုရာဟာ လက်ဝှေ့ အားကစားလောကမှာ အသိအမှတ် ပြုခံရမယ့်သူပါ။ သူထွက်  သွားတဲ့အချိန်မှာ ပရိသတ်တွေက စိတ်ဓာတ်တွေ ကျသွားပါတယ်။ သူတို့က သူ့ကို အားပေးထောက်ခံချင်နေတာပါ။ သူဟာ လက်ဝှေ့ပွဲမှာ အရာအားလုံးကို ပေးခဲ့ပါတယ်။ သူထိုးသတ်တဲ့အချိန်မှာ သူ့ရဲ့ အငွေ့အသက်တွေက အံ့သြဖို့ ကောင်းပါတယ်။ ကျနော်ကတော့ သူအနားယူတာကို မြင်ချင်ပေမယ့် ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နယူးဇီလန် လက်ဝှေ့ကစားသမား ဂျိုးဆက်ပါကားဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပွဲပေါင်း ၃၂ ပွဲ ထိုးသတ်ထားခဲ့ပြီး ပွဲပေါင်း ၃၀ အနိုင်ရကာ ၂ ပွဲ အရေးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

Source: BBC