CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉
မြန်မာအသင်းနည်းပြ အန်တွမ်နီဟေး က ဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို အရေးနိမ့် ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကို ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။ မြန်မာအသင်း ဟာ ဒီဇင်ဘာ(၁၈)ရက်က ဖိလစ်ပိုင်အသင်းနဲ့ ကစားခဲ့ရာမှာ (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖိလစ်ပိုင် အသင်းတိုက်စစ်ကစားသမား မာရာနွန် က ပထမပိုင်းမှာတင် မြန်မာအသင်းဘက်ကို ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာပါ။ မြန်မာအသင်းကတော့ ဒုတိယပိုင်းမှ ထက်ဖြိုးဝေက ချေပဂိုး(၂)ဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။
အန်တွမ်နီဟေး က “ရိုးရိုးသားသားပြောရရင် ကျနော်တို့ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးရခဲ့ပါတယ်။ ဒါပေမယ့် ဖြတ်တင်ဘော(၃)ကြိမ်ကနေ (၃)ဂိုးခွင့်ပြုလိုက်ရပါတယ်။ ကျနော်တို့ အပြောင်း အလဲတချို့လုပ်ခဲ့ပြီး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခဲ့ကာ အဆုံးသတ်မှာ ပြင်းပြင်းထန်ထန်နဲ့ ပြန်လာနိုင်ခဲ့ပါ တယ်။ သရေကျတာဟာ မျှတတဲ့ရလဒ်ဖြစ်ပေမယ့် အနိုင်ရသွားတဲ့ ဖိလစ်ပိုင်အသင်းကိုတော့ ဂုဏ်ပြုချင်ပါ တယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အန်တွမ်နီဟေး က “ဒီပြိုင်ပွဲက ကျနော်တို့အတွက် ကောင်းမွန်တဲ့ သင်ယူမှုဖြစ်စဉ်တခုပါပဲ။ အခု ကျနော်တို့ပြန်ပြီး လာမယ့် ပြိုင်ပွဲအတွက် ကျနော်တို့ ကိုယ့်ကိုကိုယ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားရမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းနည်းပြ ကတော့ သူတို့ဟာာ ဒီပြိုင်ပွဲမှာ ပိုမိုကောင်းမွန် အောင်လုပ်နိုင်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ ဒီပွဲမတိုင်ခင်ကတည်းက အုပ်စုကနေ ထွက်ထားရတာလည်းဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆူဇူကီးဖလားအုပ်စုပွဲစဉ်(၄)ပွဲကစားခဲ့ရာမှာ တီမောအသင်းကိုသာ အနိုင်ရခဲ့ပြီး ထိုင်း၊ စင်ကာပူ၊ဖိလစ်ပိုင်အသင်းတွေကို အရေးနိမ့်ခဲ့တာပါ။မြန်မာအသင်းဟာ ရဂိုး(၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေးဂိုး(၁၀) ဂိုး ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ အဓိက ကစားသမားအချို့ဟာ လက်ရွေးစင်အတွက် ပါဝင်မကစားဖို့ ဆုံးဖြတ် ခဲ့တာကြောင့် မြန်မာအသင်းဟာ ထိပ်သီးအသင်းအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ အခက်အခဲတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။မြန်မာအသင်း အုပ်စုမှာတော့ ထိုင်းအသင်းက ပထမ၊အိမ်ရှင် စင်ကာပူက ဒုတိယနဲ့ အကြိုဗိုလ်လုပွဲ အဆင့်တွေကို တက်ရောက်နိုင်ခဲ့တာပါ။
မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် (၂၀၀၄) က စတုတ္တရခဲ့တာနဲ့ (၂၀၁၆) မှာ အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းသာ ရှိခဲ့ပါတယ်။
Source:affsuzukicup.com