CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ LAFC အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ ပြီးနောက် နည်းပြမာရက်စ်ကာက ဒါဟာကောင်းမွန်တဲ့ ရလဒ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အလွန်ကောင်းမွန်တဲ့ရလဒ်ပါ။ ရာသီရဲ့ဒီအဆင့်မှာ မတူညီတဲ့အရာတွေကို စီမံခန့်ခွဲရတာဟာ ပုံမှန်ပါပဲ။ ခြုံပြီးပြောရမယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးတော့ ပွဲကိုအနိုင်ရခဲ့ပြီး ပေးဂိုးလည်း မပေးခဲ့ရပါဘူး။ ဒီလပ်ဟာ ကျနော်တို့ရဲ့ကစားပုံကို သိတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့အချက်ပါ။ ကစားသမားသစ်ဖြစ်တဲ့ အက်ဆူဂိုကိုလည်း အခွင့်အရေးပေးခဲ့ပြီး နှစ်ဦးစလုံးအတွက် အလွန်ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို နက်တိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်က သွင်းယူခဲ့ပြီး လူစားဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားသစ် ဒီလပ်ဟာ အသင်းအတွက် ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
တိုက်စစ်မှူးဒီလပ်က ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲကို ပါဝင်ကစားခွင့်ရခဲ့တဲ့ ခံစားချက်က ကောင်းမွန်ခဲ့ ပြီး အသင်းကိုကူညီဖို့က အရေးပါပေမယ့် သွင်းဂိုးသွင်းယူချင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ချယ်လ်ဆီးနဲ့ LAFC အသင်းတို့ကစားခဲ့တဲ့ Mercedes-Benz အားကစားကွင်းဟာ ပရိသတ်ပေါင်း ၇ သောင်းကျော် ဝင်ဆံ့ပေမယ့် ဒီပွဲကို ပရိသတ် ၂၂,၁၃၇ ဦးသာ တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အားကစားကွင်းဟာ အလွတ်နီးပါး ဖြစ်နေပေမယ့် သူတို့ဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်တဲ့အတွက် အခြေအနေ၊ ပတ်ဝန်းကျင်တို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ PSG နဲ့ အသလက်တီကိုအသင်းတို့ ပွဲစဉ်မှာတော့ ပရိသတ်ပေါင်း ၈ သောင်းကျော် ကြည့်ရှုပြီး စံချိန်တင် ထားတာပါ။
LAFC အသင်းနည်းပြစတိဗ်က LA က အတ္တလန်တာထက် ဘောလုံးကို ပိုပြီးနှစ်သက်တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားအုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး LAFC အသင်းက တူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Skysports