၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ပီအက်စ်ဂျီ အသင်းဟာ ဘောလွန်းဒီအောဆုရခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ မိုနာကိုအသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ နာမည်နဲ့နံပတ်ကို ရွှေရောင်အသုံးပြုသွားခဲ့ပါတယ်။

အသက်(၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၁၉၉၃ ခုနှစ် နောက်ပိုင်း ကိုပါအမေရိက ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။အဲဒါကြောင့် ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီဟာ လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာပါ။

မက်ဆီအတွက်တော့ ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပြီး အဓိက ပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုထက် နှစ်ကြိမ်အသာရသွားခဲ့တာလည်းဖြစ်ပါတယ်။ ပြင်သစ်ကလပ်ကတော့ မက်ဆီ ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ရိုးရာဖြစ်သော အပြာရောင် အိမ်ကွင်းဝတ်စုံမှာ ပါဝင်တဲ့ နာမည်နဲ့ နံပတ်ကို ရွှေရောင်အသုံး ပြုပြီး ထုတ်ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ မိုနာကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအတွက် နှစ်ဂိုးလုံးကို ဘတ်ပီက သွင်းယူခဲ့တာဖြစ်ပြီး မက်ဆီက (၁) ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ဘတ်ပီ ကတော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ကစားသမားဘဝ လီဂူးသွင်းဂိုး (၁၀၀) ပြည့်မြောက် သွားခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ဘောလွန်းဒီအောဆုရယူခဲ့ပြီးနောက် ကလပ်အသင်းနဲ့ အင်တာဗျူးပြုလုပ်ရာမှာ “ပြင်သစ်ဘောလုံးရဲ့ ဘောလွန်းဒီအောဆုကို နောက်ထပ်တစ်ကြိမ်ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ခုနှစ်ကြိမ်မြောက် ရယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ကျနော့်မိသားစု၊ ကျနော့်သူငယ်ချင်းတွေနဲ့ ကျနော့် နောက်ကိုလိုက်ပြီး အမြဲတမ်း အားပေးနေတဲ့ သူတွေကို ကျေးဇူး တင်ပါတယ်။ သူတို့သာမရှိရင် ကျနော်လည်း ဒီလိုမျိုးလုပ်နိုင်မှာ မဟုတ်ဘူးလို့” ပြောခဲ့တာပါ။

ကလပ်အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း “လီယိုကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုချင်ပါတယ်။ ကျနော်တို့မှာရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဟာ ဒီလိုဂုဏ်ယူစရာအကောင်းဆုံးနဲ့ လိုချင်တပ်မက်စရာကောင်းတဲ့ဆုကို ရယူ နိုင်ခဲ့တာကို ကလပ်အသင်းအနေနဲ့လည်း အလွန်ဂုဏ်ယူမိပါတယ်။ လီယိုဟာ ဘောလုံးသမိုင်းကို နောက်ထပ် တစ်ကြိမ် ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ (၁) ဂိုးသာ သွင်းယူထားနိုင်ပေမယ့် ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ် ထားတာလည်း ဖြစ်ပါတယ်။

Source: Daily Mail