CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီကတော့ သူ့အသင်းဟာ ဒီ ရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၂  ခု လုံးကို ရယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ရီးရယ်လ်အသင်းဟာ အင်တာမီလန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို အုပ်စုပထမနဲ့ တက်ရောက်နိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ ရီးရယ်လ်အသင်းဟာ ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် အနိုင်ရရှိထားတာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားပါတယ်။

အဲ့ဒါကြောင့် အီတလီလူမျိုးနည်းပြက ဒီ ရာသီ ချန်ပီယံဆုဖလား ၂ ခုလုံးကို ရယူနိုင်ဖို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “ကျနော်တို့ ကောင်းမွန်စွာ လုပ် ဆောင်နေပါတယ်။ ကျနော်တို့ဟာ မြင့်မားတဲ့ အဆင့်မှာရှိနေပြီး ခံစစ်ပိုင်းဟာလည်း အလွန်ကောင်းမွန်လာခဲ့ပါတယ်။ ကျနော်တို့ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်တဲ့ အရည်အသွေးတွေရှိပါတယ်။ ပိုမိုပြင်းထန်တဲ့အသင်းတွေရှိသလို၊ အရည်အသွေး ပိုရှိတဲ့ အသင်းလည်းရှိပါတယ်” လို့ ပြောပါတယ်။

“ဒါပေမယ့် ကျနော်တို့မှာ အရည်အသွေးတွေ၊ အတွေ့အကြုံတွေနဲ့ ကတိကဝတ်တွေအများကြီးရှိပါတယ်။ အဲဒါ ကြောင့်လည်း ဒီလိုဆုဖလားတွေကို ရယူနိုင်စွမ်းရှိတာပါ”လို့ မာကာနဲ့ အင်တာဗျုးမှာ ပြောခဲ့တာပါ။ ရီးရယ်လ် အသင်းဟာ ဒီ ရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယနေရာက ဆီဗီလာအသင်းကို ၈ မှတ်အသာရပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရာသီက ထွက်ခွာသွားတဲ့ ဇီဒန်းရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ရီးရယ်လ်အသင်းကို တကျော့ပြန် ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့လက်ထက်မှာ ရီးရယ်လ်အသင်းဟာ ခြေစွမ်းပိုင်းတွေ ပိုမိုတိုးတက်လာခဲ့တာပါ။ အီတလီ လူမျိုးနည်းပြဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ အထိ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေး၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီတပတ်မှာတော့ စပိန်လာလီဂါပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ အသလက်တီကို မက်ဒရစ် အသင်းနဲ့ မက်ဒရစ်ဒါဘီ ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Sportsmole