CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉

ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ပီလီ ဟာ အူမကြီးအကျိတ်အတွက် ကုသမှုခံယူဖို့ ဆေးရုံပြန်တက်နေတယ် လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ပီလီဟာ စက်တင်ဘာလက အူမကြီးအကျိတ်ကို ခွဲစိတ် ဖယ်ရှား ခဲ့ပြီး ဓာတုကုထုံးခံယူဖို့ လိုအပ်တယ်လို့ ဆေးရုံက ပြောထားတာဖြစ်ပါတယ်။ ဆာအိုပေါ်လို ဆေးရုံမှ အဲလ်ဘတ် အိုင်းစတိုင်းက အသက် ၈၁ နှစ် အရွယ်ရှိ ပီလီဟာ တည်ငြိမ်တဲ့ အခြေအနေမှာရှိနေပြီး လာမယ့် ရက်အနည်းငယ် အတွင်းမှာ ဆေးရုံကနေ ဆင်းရတော့မယ်လို့ ပြောခဲ့တာပါ။

ပီလီဟာ အခုအချိန်မှာ သူ့ရဲ့ကုသမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆေးရုံက ပြောထားပါတယ်။ ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီးဟာ စက်တင်ဘာလက ဆေးရုံကနေဆင်းပြီးနောက် သူ့ရဲ့အခြေအနေဟာ တနေ့ထက် တနေ့ ပိုမိုကောင်းမွန်လာတယ်လို့ ပြီးခဲ့တဲ့လက သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။ ပီလီရဲ့ပုံမှန် စစ်ဆေးမှုတွေမှာ အကျိတ်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၃၁ ရက်ကတည်းက ဆေးရုံမှာ ဆေးကုသမှု ခံယူ နေရတာလည်းဖြစ်ပါတယ်။

မကြာသေးခင်နှစ်တွေက ပီလီရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာအဖြစ်ရှိခဲ့ပါတယ်။ ပီလီဟာ ခြောက်လ အတွင်း ဒုတိယအကြိမ်မြောက် ဆေးရုံတက်ခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ်က ဆီးကျိတ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရတာပါ။ ၂၀၁၉ ခုနှစ်မှာတော့ ပီလီဟာ ဆီးပိုးဝင်ခြင်းအတွက် ထပ်မံစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။ ပီလီဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပြီး ၉၂ ပွဲကစားကာ ၇၇ ဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားလေးဦးထဲက တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ပီလီဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး တစ်ဦးချင်း ဆုတံဆိပ် အများအပြားလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပီလီဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် ခဲ့ပေမယ့် သူ့ရဲ့စံချိန်ကို မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒို က ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC