CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၄

လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရတာ ကြောင့် ဆိုစီဒက်အသင်းနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ချီဒိုအိုဘီဟာ ပြီးခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ FA ဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် လူစားလဲဝင်ရောက်ကစားပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကို ပြသခဲ့တာပါ။ 

ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းကြီးအတွက် လူစားဝင်အဖြစ် ၃ ပွဲ ပါဝင်ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။ 

ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင် လာနိုင်တယ်ဆိုပြီး ဖော်ပြမှုတွေရှိနေကြတာပါ။

ဒါပေမယ့် ချီဒိုအိုဘီဟာ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ 

ချီဒိုအိုဘီကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလက ခေါ်ယူခဲ့တဲ့ ဒေါဂူနဲ့ ဟီဗန်တို့ကို ယူရိုပါလိဂ် ရှုံးထွက်အဆင့် မတိုင်ခင် လူစာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် သူတို့ဟာ ဆိုစီဒက်အသင်းနဲ့ပွဲအတွက် စပိန်ကိုထွက်ခွာမယ့် အသင်းလူ စာရင်းထဲ ပါဝင်မှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အစောပိုင်းက ချီဒိုအိုဘီကို လူငယ်အသင်းအတွက်သာ သုံးဖို့ရည်ရွယ်ခဲ့တာကြောင့် လူစာရင်းထဲ ထည့်သွင်းခဲ့ခြင်းမရှိတာပါ။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အာမတ်၊ ကိုဘီမိုင်နူးတို့ အပါအဝင် အဓိက ကစားသမား အများအပြား ရဲ့ ဒဏ်ရာတွေကြောင့် ချီဒိုအိုဘီကို လူစာရင်းထဲ ထည့်သွင်း အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချီဒိုအိုဘီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က သတ်မှတ်ထားတဲ့ ကစားသမားတွေ ကလပ်အသင်း တစ်သင်း မှာ အနည်းဆုံး ၂ နှစ်ရှိရမယ့် လူငယ်ကစားသမားတွေအတွက် ဘီစာရင်းမှာလည်း ပါဝင်ခွင့်မရရှိခဲ့တာပါ။ 

အဲဒါကြောင့် ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာသာ ပါဝင်ခွင့်ရမှာဖြစ်ပြီး လာမယ့် အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ သူ့ကိုပြန်လည် မြင်တွေ့ရမှာဖြစ်ပါတယ်။ 

Source: ESPN