CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁

မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူဟောင်း အီဗရာက မန်ဒီဟာ အာဖရိက ကစားသမားဖြစ်နေတဲ့ အတွက် လတ်ဗ်ယာရှင်ဆုကို မရခဲ့တာလို့ ဘောလွန်းဒီအောဆုပေးပွဲကို ဝေဖန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ဘောလွန်းဒီအော ဆုပေးပွဲမှာ အကောင်းဆုံး ဂိုးသမားဆုကို အီတလီနဲ့ ပီအက်စ်ဂျီ အသင်းဂိုးသမား ဒွန်နာရမ်မာက ချယ်လ်ဆီးဂိုးသမား မန်ဒီကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားရယူရာမှာ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီဗရာကတော့ ဆုပေးပွဲ ကျင်းပတဲ့သူတွေဟာ မန်ဒီကို ဒီဆုမပေးချင်ပုံရတယ်လို့ ပြောခဲ့တာပါ။

အီဗရာက “ဂိုးသမားတွေအကြောင်း ပြောရမယ်ဆိုရင် မန်ဒီအတွက်ကော ဘယ်လိုရှိလဲ၊ ခင်ဗျားတို့လည်း သိမှာပါ။ သူက အာဖရိကဖလား ကစားနေရလို့ပါ။ ကျနော်တို့က မျောက်တွေဖြစ်တဲ့အတွက် ဘယ်သူကမှ ဒီပြိုင်ပွဲကို လေးစားမှုမရှိပါဘူး။ ကျနော်တို့က ခွင့်ယူပြီး ဒီပြိုင်ပွဲကို သွားကစား ရတာလောက်ပဲ သတ်မှတ်ခံထားရပါ။ ၃ ပတ်လောက် ခွင့်ယူပြီး ဒီပြိုင်ပွဲကို သွားကစားရတယ်ပေါ့။ ဘာကြောင့်လဲဆိုရင် အာဖရိက-က ကျနော်တို့အတွက် နေရာနည်းနည်းလေးပဲရှိလို့ပါ”လို့ ပြောခဲ့ပါ တယ်။

ပုံ-မန်ဒီကိုတွေ့ရစဉ်။(Goal)

ဒါ့အပြင် အီဗရာက ဒါတွေဟာ ပြောင်းလဲသွားရမယ့် အရာတွေ ဖြစ်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ မန်ဒီဟာ ဒီဆုပေး ပွဲမှာ ဒွန်နာရမ်မာရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပြီး အသလက်တီကိုအသင်း ဂိုးသမား အိုဘလက်က တတိယ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

အီဗာရာဟာ ဆီနီဂေါမှာ မွေးဖွားခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းကို ကိုယ်စားပြုပြီး လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ မန်ဒီကတော့ ပြင်သစ်မှာ မွေးဖွားခဲ့ပေမယ့် ဆီနီဂေါလက်ရွေးစင်အတွက် ပါဝင်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မန်ဒီဟာ ဆီနီဂေါအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဖရိကဇုန်ရဲ့ အုပ်စုတွင်းမှာ တိုဂို၊ နမီဘီယာနဲ့ ကွန်ဂိုတို့ရဲ့ အထက်မှာ ရပ်တည်နိုင်အောင် လက်စွမ်း ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလမှာ ကစားမယ့် အာဖရိကဖလားမှာလည်း ဆီနီဂေါ အသင်းအတွက် နံပတ် ၁ ဂိုးသမားအဖြစ် ပါဝင်ပေးရဖွယ် ရှိနေတာပါ။

လတ်ဗ်ယာရှင်ဆု ရခဲ့တဲ့ ဒွန်နာရမ်မာကတော့ ပြီးခဲ့တဲ့ရာသီက အေစီမီလန် အသင်းကို စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရောက်ရှိအောင်နဲ့ အီတလီလက်ရွေးစင် အသင်းကို ယူရိုချန်ပီယံဆုရရှိအောင် လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: The sun