၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁
အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းဟာ လတ်ဗီးယားအသင်းနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်း သမိုင်းတလျှောက် အကြီးမားဆုံးနိုင်ပွဲအဖြစ် ၂၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ အီလန်ဝှိုက်၊ လော်ရန်ဟမ့်ပ်၊ဘတ်ချ်မိနဲ့ ရက်ဆိုတို့က ဟတ်ထရစ်ဂိုးတွေကို သွင်းယူခဲ့ပြီး စံချိန်တင်နိုင်ပွဲနဲ့ အတူ အုပ်စု D မှာ ရာနှုန်းပြည့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ဟန်ဂေရီအသင်းကို ၁၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် ဒါဟာ အင်္ဂလန်အသင်းသမိုင်းတလျှောက် အကြီးမားဆုံးနိုင်ပွဲဖြစ်ခဲ့တာပါ။
ဒီပွဲမှာ အင်္ဂလန်အတွက် ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်းစီးတီးအသင်းတိုက်စစ်မှူး အီလန်ဝှိုက်ဟာ အရင်က လက်ရွေးစင်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ကယ်လီစမစ်ရဲ့ စံချိန် ၄၆ ဂိုးကို ကျော်ဖြတ်ပြီး ၄၈ ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ အီလာတုန်းမ်၊ စတန်ဝေး၊ ကာတာ၊ နော့ဘ်စ်နဲ့ စကော့တို့ ကလည်း ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၆၃ ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ပါဘူး။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းပွဲစဉ် ၆ ပွဲကစားပြီးချိန်မှာ ၅၃ ဂိုးသွင်းယူထားတာဖြစ်ပြီး ပေးဂိုးမရှိ စံချိန်တင်ထားတာလည်း ဖြစ်ပါတယ်။ စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ အီလန်ဝှိုက်ကတော့ ဒီမှာပဲ ရပ်နေမှာမဟုတ်ဘဲ ဆက်သွားပြီး အင်္ဂလန်အတွက် ဂိုးတွေအများကြီးသွင်းချင်သေးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ ပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းကလည်း အင်္ဂလန်အသင်းရဲ့ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ အီလန်ဝှိုက်ကို အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဧပြီလမှ ပြန်လည်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။
သြစတြေးလျနဲ့နယူးဇီလန်တို့က အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင်လ မှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ်ပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြင်သစ်မှာကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အမေရိကန်အသင်းက နယ်သာလန်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
Source:metro.com