CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈

 မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ် ကစားသမား ရော်နယ်ဒိုရဲ့ အကြီးမားဆုံး ရည်မှန်းချက်ကတော့ ကာလကြာ ရှည်ပြိုင်ဘက် မက်ဆီထက် ဘောလွန်းဒီအောဆုပိုရပြီး ကစားသမားဘဝကနေ အနားယူဖို့ ဖြစ်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ဒါကို ဘောလွန်းဒီအောဆု ပေးပွဲရဲ့ အကြီးအကဲဖြစ်သူ ပါစကဲလ်ဖာရီက ပြောခဲ့တာ ဖြစ်ပါတယ်။

ပါစကဲလ်ဖာရီက “ရော်နယ်ဒိုရဲ့ အကြီးမားဆုံး ရည်မှန်းချက်ကတော့ မက်ဆီထက် ဘောလွန်းဒီအောဆုကို ပိုရပြီး ကစား သမား ဘဝကနေ အနားယူဖို့ပါ။ ကျနော် ဘာလို့ သိနေလဲဆိုတော့ သူကိုယ်တိုင် ကျနော့်ကို ပြောခဲ့လို့ပါပဲ”လို့ မာကာနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလွန်းဒီအောဆုကို (၅)ကြိမ် ရရှိထားတာဖြစ်ပြီး ဆန်ကာတင်စာရင်းမှာ စံချိန်တင် ၁၇ ကြိမ် ပါဝင်ခဲ့တာ ဖြစ်ပေမယ့် မက်ဆီထက် ဆုရတဲ့ အရေအတွက် ၁ ကြိမ် လျော့နည်းနေတာပါ။ မက်ဆီက ဘောလွန်းဒီအောဆုကို ၆ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။

မက်ဆီဟာ အခုနှစ်မှာ ပေးအပ်မယ့် ဘောလွန်းဒီအောဆု ပေးပွဲမှာလည်း ဒီဆုကို ၇ ကြိမ်မြောက် ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ မက်ဆီထက် ဒီဆုကို ပိုမိုရယူနိုင်ဖို့ စိတ်အားထက်သန် နေတာလည်း ဖြစ်ပါတယ်။

ပုံ-ရော်နယ်ဒို ဘောလွန်းဒီအောဆုနဲ့အတူ တွေ့ရစဉ်(The Himalayan Times)

ရော်နယ်ဒိုဟာ အခုနှစ်အတွက် ဆုပေးပွဲမှာ ရယူဖို့ ရေပန်းစားတဲ့ အထဲမှာ မပါဝင်တာကြောင့် ဆုပေးပွဲတောင် တက်ရောက်ဖို့ မရှိတာပါ။ အခုလ(နိုဝင်ဘာလ)၂၉ ရက်မှာ ကျင်းပမယ့် ဆုပေးပွဲ မတိုင်ခင်တည်းက မက်ဆီဟာ ၇ ကြိမ်မြောက် ဘောလွန်းဒီ အောဆုကို ရရှိခဲ့ပြီလို့ သတင်းတွေ ကြိုတင်ပေါက်ကြားနေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ အခုနှစ်အတွက် မက်ဆီရဲ့နောက်မှာ ဘန်ဇီမာက ဒုတိယ၊ လီဝန်ဒေါစကီးက တတိယနေရာ ရခဲ့တယ်လို့ ဖော်ပြနေကြတာပါ။ မက်ဆီဟာ ဘောလွန်းဒီအောဆုကို ၂၀၁၉ ခုနှစ်က နောက်ဆုံး ရယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒို ကတော့ ၂၀၁၆ ခုနှစ်က နောက်ဆုံးအကြိမ် ရယူထားတာလည်း ဖြစ်ပါတယ်။

ပါစကဲလ်ဖာရီက ရီးရယ်လ် အသင်းကွင်း လယ်ကစားသမား မိုဒရစ်ဟာ ဘောလွန်းဒီအောဆုကို ရတယ်ဆိုပြီး အကြောင်း ကြားခဲ့စဉ်တုန်းက ကလေးတစ်ယောက်လို ငိုကြွေးခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ အခုနှစ်ရဲ့ ဘောလွန်းဒီ အောဆု ဆန်ကာတင် ၁၁ ဦးစာရင်းမှာတော့ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ကျသွင်းဂိုး အများအပြားနဲ့ ကယ်တင်နိုင်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်ထားတာ ဖြစ်ပါတယ်။

Source: Daily Mail