CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈
ကစားသမားတွေ ကိုဗစ်ဖြစ်နေကြတဲ့အတွက် ဘီလန်နတ်စ် အသင်းဟာ ဘင်ဖီကာအသင်းနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ကစားသမား ၉ ဦးနဲ့သာ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဘီလန်နတ်စ် အသင်းဟာ ဒီပွဲမှာ ဂိုးသမား ၂ ဦးကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ရတာဖြစ်ပြီး လူစားလဲဖို့ ကစားသမားလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘီလန်နတ်စ် အသင်းဟာ ပထမအပိုင်းအပြီး ကွင်းထဲ ဝင်ရောက်လာချိန်မှာတော့ ကစားသမား ၇ ဦး သာ ရှိတော့တဲ့အတွက် ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။
ဘီလန်နတ်စ်အနေနဲ့ ဒီပွဲမတိုင်ခင်မှာ အသင်းကို ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာမှာတော့ ကစားသမားနဲ့ ဝန်ထမ်း ၁၇ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။ အဲဒီထဲက ၁၃ ဦးဟာ ကစားသမားတွေဖြစ်ပြီး ၄ ဦးက နည်းပြအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဘီလန်နတ်စ် အသင်းဟာ ပွဲကစားဖို့ ကစားသမား အလုံအလောက်မရှိလို့ ဂိုးသမား ၂ ဦးကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဘင်ဖီကာ အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာတင် ဘီလန်နတ်စ် အသင်းကို ၇ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။
ပုံ-ကစားသမား ၉ ဉီးဖြင့် ကစားခဲ့တဲ့ ဘီလန်နတ်စ်အသင်းကိုတွေ့ရစဉ် (Daily Mail)
ဒုတိယပိုင်းမှာတော့ ဘီလန်နတ်စ် အသင်းဟာ ပွဲကစားဖို့ ကစားသမား ၇ ဦးသာ ရှိတာကြောင့် ပွဲကိုဖျက်သိမ်းခဲ့ပြီး ဘင်ဖီကာ အသင်းကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ ဝုလ်ဗ်အသင်း ကွင်းလယ် ကစားသမား ရူဘင်နာဗတ်စ်တို့က ဒီပွဲကို မရွှေ့ဆိုင်းခဲ့တဲ့ အပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ဒါကဘာလဲ၊ ဘာကြောင့် ပွဲကို မရွှေ့ဆိုင်းရတာလဲ၊ ကျနော်ကပဲ ဒါကို နားမလည်တဲ့သူလား”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ရူဘင်နာဗတ်စ် ကလည်း ဘာနာဒိုဆေးလ်ဗားရဲ့ ရေးသားမှုကို “အမှန်ပဲ သူငယ်ချင်းရေ။ ဒါကို တကယ် နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ မဟုတ်ရင် ငါတို့ကပဲ ကောင်းမွန်စွာ မတွေးတက်တာလားလို့” ရေးသားခဲ့တာပါ။
ဘီလန်နတ်စ်အသင်း ဥက္ကဋ္ဌက သူတို့ဟာ ဒီပွဲကို ရွှေ့ဆိုင်းဖို့ မတောင်းဆိုခဲ့ပဲ ပွဲကစားနိုင်တယ်လို့ ပြောခဲ့တယ်လို့ ပြောပါ တယ်။
ရူအီပတ်ဒရိုက “ကျနော်တို့မှာ မှတ်ပုံတင်ထားတဲ့ ကစားသမား ၃၈ ဦးရှိပြီး သူတို့အားလုံးကို ယုံကြည်မှုရှိပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေဟာ ကျန်းမာရေး အာဏာပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ စောင့်ဆိုင်းမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမယ်”လို့ ပြောပါတယ်။
Source:Daily Mail