CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈
ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က တိုက်စစ်မှူး လူကာကူ ဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ဖို့ရှိတယ်လို့ ပြောလိုက်ပါတယ်။ လူကာကူဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ် ၆ ပွဲကို မပါဝင်နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းက ဂျုဗင်တပ်စ် အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လူကာကူ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ခဲ့ရတာဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ်လည်း အသုံးပြုခြင်း မရှိခဲ့တာပါ။
လူကာကူ ဟာ ချယ်လ်ဆီးအသင်းနဲ့ ရက်ပေါင်းများစွာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ တူချယ်လ်ကတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပွဲစတင်တည်းက ပါဝင်နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ထားတာဖြစ်ပါတယ်။ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူချယ်လ် က “လေ့ကျင့်ရေးအတွက် အဆင်သင့်ဖြစ်တာနဲ့ ပွဲအတွက် အဆင်သင့်ဖြစ်တယ်ဆိုတဲ့ ကြားမှာ အနည်းငယ်ကွာခြားမှုတော့ရှိပါတယ်။ပွဲတွေအတွက် အဆင်သင့်ဖြစ်တာနဲ့ ပရီးမီးယားလိဂ်အတွက် အဆင်သင့် ဖြစ်တယ်ဆိုတဲ့ ကြားမှာလည်း ခြားနားချက်တွေရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် တူချယ်လ် က “လူကာကူ ပွဲကို စတင်နိုင်ဖို့ ဖြစ်နိုင်ခြေက သိပ်ပြီး မရှိပါဘူး။ ပွဲတွေကြားမှာ ဘာတွေ ဖြစ်လာမလဲဆိုတာလည်း မသေချာပါဘူး။ မိနစ်တွေကြားမှာ ကျနော်တို့ ချိန်ညှိရပါမယ်။ပွဲစတဲ့ သူတွေနဲ့ မိနစ် ၉၀ လုံးဟာ ပြိုင်ဆိုင်မှုတွေရှိနေပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အင်တာ မီလန်အသင်းကနေ ချယ်လ်ဆီးအသင်းကို တကျော့ပြန်ရောက်ရှိလာတဲ့ လူကာကူဟာ လန်ဒန်ကလပ် အတွက် ပွဲပေါင်း ၁၁ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
ဒါပေမယ့် လူကာကူ ဟာ အောက်တိုဘာလ ၂၀ ရက်က မယ်လ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ပြီးက တည်းက ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက် စစ်မှူး ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နှစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပွဲပေါင်း ၉၆ ပွဲမှာ ၄၂ ဂိုး သွင်းယူ နိုင်ခဲ့တာပါ။ အဲဒီနောက်မှာ လူကာကူ ဟာ အင်တာမီလန် အသင်းထံပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီအကြာမှာပဲ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
Source:sportsmole.com