CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇
အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ရရှိသွားခဲ့တယ်လို့ တွစ်တာမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြထား ကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့ပြီးနောက် ဒီဆုကို ရယူနိုင်ဖို့ ဆန်ကာတင် စာရင်း မှာ ပါဝင်နေတဲ့ ကစားသမားတွေ အားလုံးထက် ပိုပြီး ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဘောလွန်းဒီအောဆု ကို (၇)ကြိမ်မြောက် ရရှိမှာဖြစ်ပြီး ဘန်ဇီမာက ဒုတိယနဲ့ လီဝန်ဒေါစကီးက တတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိ ပီအက်စ်ဂျီ အသင်းမှာ ကစားနေတဲ့ မက်ဆီဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့် အာဂျင်တီးနား အသင်းနဲ့ အသင်းဟောင်း ဘာစီလိုနာမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒီဆုကို ရယူနိုင်ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆိုရှယ်လ်မီဒီယာမှာတော့ မက်ဆီဟာ ဒီဆုကို ထပ်မံရရှိပြီလို့ ဖော်ပြခဲ့တာပါ။
ပုံ-လီဝန်ဒေါစကီးကို တွေ့ရစဉ်။(FC Bayern)
ဂျိုးဆက်ပီဒရီရိုလ်က “မက်ဆီ၊ ဘန်ဇီမာ၊ လီဝန်ဒေါစကီး”ဆိုပြီး ရေးသားခဲ့ပါတယ်။ အီတလီ သတင်းထောက် မတ်တီမိုရီနိုက “မက်ဆီနဲ့ သူ့သူငယ်ချင်းတွေ သိပြီးပြီလို့”ရေးသားကာ ဘောလွန်းဒီအောနဲ့ ပတ်သက်ပြီး ထင်ကြေးတွေကို တုံ့ပြန်ခဲ့တာ ဖြစ် ပါတယ်။
ဒီဆုပေးပွဲကို ပြင်သစ်ဘောလုံးက အခုလ ၂၉ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၀ က ဒီဆုကို ရယူနိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်ခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် ဆုပေးပွဲ ဖျက်သိမ်းခဲ့တာကြောင့် နစ်နာခဲ့ရတာပါ။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဂတ်မူလာရဲ့ တစ်ရာသီ ဂိုးသွင်း အများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘန်ဇီမာကလည်း ရီးရယ်လ်နဲ့ ပြင်သစ်အသင်းမှာ အံသြဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ။
ဘန်ဇီမာဟာ ပြင်သစ်အသင်းနဲ့ နေးရှင်းလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ပြိုင်ဘက်ကြီး ရော်နယ်ဒို ဟာ ဘောလွန်းဒီအောအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဆုရရှိဖို့ ရေပန်းစားခြင်း မရှိတာ ဖြစ်ပါတယ်။ ဂယ်ရီလိုင်နီကာနဲ့ ပီကေး အပါအဝင် နာမည်ကြီး အများအပြားကတော့ ဒီနှစ်အတွက်ဆုကို မက်ဆီပဲ ရရှိမယ်လို့ ပြောခဲ့ပြီး ရီယိုဖာဒီနန်ကတော့ လီဝန်ဒေါစကီးကို ထောက်ခံခဲ့တာပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေမှန် မမှန်ကတော့ ပြင်သစ် မှာ ပြုလုပ်မယ့် ဆုပေးပွဲကျရင် သိရတော့မှာလည်း ဖြစ်ပါတယ်။
Source: The Sun