CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉
အမေရိကန်အသင်းက ဂျမေကာအသင်းကို အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ထရမ့်အကအောင်ပွဲခံမှုဟာ နိုင်ငံရေးအကမဟုတ်ဘူးလို့ တိုက်စစ်ကစားသမား ပူလီဆစ်က ပြောခဲ့ပါတယ်။
ပူလီဆစ်က “မနေ့က NFL မှာ ဒီလိုမျိုးလူတိုင်းလုပ်နေတာကို တွေ့ခဲ့ရပြီး ဂျွန်ဂျုံးစ်လည်း ဒီလိုလုပ်နေတာကို မြင်ခဲ့ရပါတယ်။ ဒါက ပျော်ဖို့ကောင်းတဲ့အကလို့ ကျနော်ထင်ပါတယ်။ ဒါက ထရမ့်အကဖြစ်ပေမယ့် လူတိုင်း လုပ်နေတဲ့ အကတစ်ခုပါပဲ။ သူကတော့ ဒါကိုဖန်တီးခဲ့တာဖြစ်ပြီး ရယ်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ ဒါက နိုင်ငံရေးအကမဟုတ်ပါဘူး၊အပျော်သဘောပါပဲ”လို့ သူ့ရဲ့အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
အမေရိကန်အသင်းက ဂျမေကာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပူလီဆစ်ဟာ အမေရိကန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူအပြီးမှာ ဒေါ်နယ်ထရမ့်အကပုံစံနဲ့ အောင်ပွဲ ခံခဲ့တာဖြစ်ပါတယ်။
ပူလီဆစ်နဲ့အတူ မက်ကန်နီ၊ရီကာဒိုပီပီတို့လည်း အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင် ရခဲ့တဲ့ ထရမ့်အကပုံစံနဲ့ အောင်ပွဲခံခဲ့ကြတာပါ။
မကြာသေးခင်က အားကစားသမားအချို့ကလည်း ထရမ့်အက ပုံစံနဲ့ အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန်အသင်းဟာ ဂျမေကာအသင်းကို ပထမအကျော့က ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ဆီးမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အမေရိကန် အသင်းဟာ နည်းပြသစ် ပိုချက်တီနိုလက်ထက်မှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအနိုင်ရပြီး ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ၂၀၂၅ ခုနှစ်၊မတ်လမှ ယှဉ်ပြိုင်ရမှာပါ။
အမေရိကန်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ ပထမဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၈ ရက်ကျရင် ဗင်နီဇွဲလားအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:Goal